တရုတ်ပြန်အမျိုးသမီး

A d v e r t i s e m e n t With Us

March 12, 2020

တရုတ်ပြန်အမျိုးသမီး ၂ ဦးကို ကျေးရွာက လက်မခံသဖြင့် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့မှ  တရုတ်နိုင်ငံကို အလုပ်သွားလုပ်ပြီး မတ် ၉ရက်မှာ ပြန်လာတဲ့ အမျိုးသမီး ၂ ဦးကို ကျေးရွာနေဒေသခံတွေက လက်မခံတဲ့အတွက် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ရှောက်ထားရပါတယ်။ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “ရမ်းဗြဲမြို့နယ် ပုန်းဆိုးပြင်ရွာက မခင်သက်ဆွေပေါ့၊ အသက် ၂၆ နှစ်၊ မမိုးစန်းတင် အသက် ၁၉ နှစ်သူကတော့ အမ်းမြို့နယ် ကဏန်းပြင်ရွာက၊ တရုတ်ကပြန်လာတာကတော့ ၉ ရက်နေ့က ပြန်ရောက်ကြတာပေါ့၊ အဲဒါ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးကိုတော့ ၁၀ ရက်နေ့က ရောက်တာပေါ့၊ ကျနော်တို့ သွားကြည့်တော့ ဘာရောဂါ လက္ခဏာပုံစံမှ မတွေ့ရဘူး၊ ကျန်းကျန်းမာမာပါပဲ”လို့ ပြောပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ COVID-19 ဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ပထမအဆင့်ဖြစ်တဲ့(A)မှာ ရောဂါဖြစ်ပွါးခဲ့တဲ့ နေရာဒေသမှာ နေထိုင်ခဲ့သူ၊ အလည်သွားခဲ့သူ (သို့မဟုတ်) ရောဂါဖြစ်သူနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူတွေဟာ မိမိနေရပ်ကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာ မိမိရဲ့နေအိမ်အတွင်းမှာ ၁၄ ရက် စောင့်ကြည့်လူနာအဖြစ်နဲ့ နေထိုင်နိုင်တယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ထာပါတယ်။  ဒုတိယအဆင့်(B)မှာ ပြန်လာသူတွေမှာ ရောဂါလက္ခဏာပြရင် ဆက်လက်စုံစမ်းစစ်ဆေးကာ ဆေးရုံမှာထားပြီး ဆေးကုမှုခံယူရမှာဖြစ်ပါတယ်။ တတိယအဆင့်(C)မှာ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့သူတွေကိုလည်း ဆေးရုံမှာ ကုသမှုခံယူရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ ကျောက်ဖြူခရိုင်ဆေးရုံကြီးကို ရောက်ရှိနေတဲ့အမျိုးသမီးငယ် နှစ် ဦးမှာတော့ တရုတ်နိုင်ငံက ပြန်လာခဲ့တာမှန်ပေမယ့် ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစုံတရာ တွေ့ရရှိရတာမရှိပဲ ကျန်းကျန်းမာမာရှိနေပြီး (Home Quarantine) နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျေးရွာနေဒေသခံတွေအနေနဲ့ စိုးရိမ်လွန်ပြီးတော့ လက်မခံတာ ကြောင့် ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီးမှာ စောင့်ရှောက်ထားရတာလို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သတင်း- နောင်နောင် 
12 months Ago
Up