တရုတ်နယ်ခြားစောင့်တပ်ဖွဲ့

March 5, 2020

နိုင်ငံတော်အလံကို တရုတ်နယ်ခြားစောင့်တပ်ဖွဲ့က ဖျက်ဆီးခဲ့သည့်နေရာသို့ သွားရောက်စစ်ဆေး

မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်  နယ်နိမိတ် မှတ်တိုင် ၁၄၄-၃ နဲ့ ၁၄၄-၄ အကြား မြန်မာဘက်က စိုက်ထူထားတဲ့ နိုင်ငံတော်အလံအား တရုတ်နယ်ခြားစောင့်တပ်ဖွဲ့က ဖျက်ဆီးခဲ့တဲ့ နေရာကို အစိုးရတာဝန်ရှိသူတွေက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ ဦးဆောင်တဲ့ ကွင်းဆင်းအဖွဲ့ဟာ  ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်လ ၄ ရက်နေ့အထိ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ကွင်းဆင်းသွားရောက်စဉ် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ  နယ်နိမိတ်မှတ်တိုင် ၁၄၅(၁)အနီး နမ့်တိန်ချောင်းအတွင်းသို့ တရုတ်ဘက်က ကျောက်တုံးကြီးတွေချပြီး တိုးချဲ့မြေဖို့ကာ မြေထိန်းနံရံ တည်ဆောက်တာ၊ လမ်းဖောက်လုပ်တာနဲ့ နယ်နိမိတ်မှတ်တိုင် ၁၅၈(၁) အနီး နမ့်ကွန်ချောင်းနဲ့ ချောင်းလက်တက် နမ့်အစ်ချောင်းအတွင်း မြေထိန်းနံရံ တည်ဆောက်တာကြောင့် မြန်မာဘက်ကမ်းပါး ရေတိုက်စားခံရပြီး ပြိုကျပျက်စီးတာကို ကာကွယ်နိုင်ဖို့ မြေထိန်းနံရံတည်ဆောက်မယ့် နေရာကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူအပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး နယ်နိမိတ်ကိစ္စနဲ့ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။  ဒါ့ပြင် ကွင်းဆင်းအဖွဲ့ဟာ လောက်ကိုင်မြို့ကိုလည်းသွားရောက်ခဲ့ပြီး  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နဲ့ တွေ့ဆုံကာ ကိုးကန့် နယ်စပ်စီးပွားရေးဇုန် ကိစ္စနဲ့ နယ်နိမိတ်မှတ်တိုင်တွေ ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- MOFA
1 year Ago
Up