တရုတ်ဒုံးပျံအစိတ်အပိုင်း

May 10, 2021

တရုတ်ဒုံးပျံအစိတ်အပိုင်းများ အိန္ဒိယ သမုဒ္ဒရာထဲ ကျ

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဒုံးပျံ အစိတ်အပိုင်း အကြွင်းအကျန်တွေ အိန္ဒိယသမုဒ္ဒရာထဲ မေ ၉ ရက်က ကျသွားပြီလို့ တရုတ်အစိုးရ မီဒီယာက ထုတ်လွှင့်ပါတယ်။

 ဒုံးပျံရဲ့ အစိတ်အပိုင်းအများစုဟာ ကမ္ဘာ့လေထုထဲ ဝင်လာချိန်က ပျက်စီးသွားခဲ့ပြီး ဖြစ်လို့ အပျက်အစီးတွေ ထိမှန်မှာ စိုးရိမ်ပြီး ထင်ကြေးပေးနေတာတွေလည်း အဆုံးသတ်သွားပြီလို့ ရိုက်တာသတင်းဌာန က ပြောပါတယ်။

ဒုံးပျံအစိတ်အပိုင်းတွေ ပြုတ်ကျတဲ့ နေရာဟာ မော်လ်ဒိုက်ကျွန်းစု အနောက်ဘက် အိန္ဒိယသမုဒ္ဒရာထဲမှာလို့ တရုတ်အာကာသအင်ဂျင်နီယာရုံးကို ကိုးကားပြီး တရုတ်အစိုးရ မီဒီယာက ပြောခဲ့တာပါ။

 Long March 5B ဂြိုလ်တုလွှတ်တင်ရေး ဒုံးပျံကို တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကနေ ဧပြီ ၂၉ ရက်က လွှတ်တင် ခဲ့တာပါ။

 မအောင်မြင်ဘဲ ပျက်ကျတဲ့ အစိတ်အပိုင်းတွေ ကမ္ဘာ့ဘယ်နေရာကို ကျမလဲဆိုတာ လူတချို့ စိုးရိမ်နေပေမဲ့ အပျက်အစီး အများစုက ကမ္ဘာ့ လေထုထဲမှာ မီးလောင်သွားခဲ့တယ်လို့ တရုတ် အာကာသအင်ဂျင်နီယာရုံးက ပြောပါတယ်။

 မနှစ်က အခုအမျိုးအစား ဒုံးပျံ ပထမတစင်း ပျက်ကျလို့ အစိတ်အပိုင်းတွေဟာ အိုင်ဗရီကို့စ် နိုင်ငံအတွင်း အဆောက်အအုံ အများအပြားကို ထိမှန်ခဲ့ပေမဲ့ ဒဏ်ရာရသူတော့ မရှိခဲ့ ပါဘူး။

ကမ္ဘာ့မျက်နှာပြင် အများစုဟာ ရေတွေ ဖုံးလွှမ်းနေလို့ လူနေထူထပ်တဲ့ နေရာပေါ် အပျက်အစီး ကျနိုင်ခြေနည်းသလို ဒဏ်ရာရနိုင်ခြေ ပိုနည်းတယ်လို့ ပညာရှင်တွေက ပြောထား ပါတယ်။

7 months Ago
Up