တရုတ်စူပါလိဂ်

January 31, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စူပါလိဂ် ရွှေ့ဆိုင်း

နိုင်ငံအတွင်းပြန့်ပွားမှုမြင့်တက်နေတဲ့ ကိုရိုလာဗိုင်းရပ်စ်ကြောင့် တရုတ်စူပါလိဂ် ရာသီသစ်စတင်မှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဒီဗိုင်းရပ်စ်ကြောင့်  သေဆုံးသူ ၂၁၃ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။ ယာယာတိုရေး၊ ဖယ်လိုင်နီ၊ အနော်တိုဗစ်၊ ဆဲလ်မွန်ရွန်ဒွန်၊ အော်စကာစတဲ့ နာမည်ကျော်ကစားသမားတွေပါဝင်တဲ့ တရုတ်စူပါလိဂ်ကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ယှဉ်ပြိုင်ဖို့ ကနဦးစီစဉ်ထားခဲ့တာပါ။ ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ရာသီသစ်စတင်မှုကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ပြန်လည်စတင်မယ့်အချိန်ဇယားကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။  ဗိုင်းရပ်စ်ကြောင့် နာမည်ကြီး ကစားသမားအချို့ဟာ ဇန်နဝါရီအ  ပြောင်းအရွှေ့ကာလ မပြီးဆုံးခင် တရုတ်စူပါလိဂ်ကနေ ထွက်ခွာဖို့အတွက် အေးဂျင့်တွေအပေါ် ညွှန်ကြားမှုတွေ ရှိနေတယ်လို့ တချို့တင်းတွေမှာ ဖော်ပြထားပါတယ်။  ၂၀၂၀ ပြည်တွင်းဘောလုံးပွဲစဉ်တွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ရတာဟာ ဗိုင်းရပ်ပြန့်ပွားနေမှုကို ထိန်းချုပ်ကာကွယ်ဖို့နဲ့ ဘောလုံးပရိသတ်တွေ၊ ကစားသမားတွေ၊ မီဒီယာတွေ၊ နည်းပြတွေနဲ့ တာဝန်ရှိသူတွေကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ တရုတ်   ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။  ဗိုင်းရပ်စ်ပြန့်ပွားမှုအခြေအနေများကြောင့် သြစတြေးလျကိုရောက်ရှိနေတဲ့ တရုတ်အမျိုးသမီးလက်ရွေးစင်အသင်းကိုလည်း ဘရစ္စဘိန်းမှာရှိတဲ့ ဟိုတယ်တခုမှာ ခြေချုပ်ထားစောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ ဟိုတယ်ရှိရာ ကွင်းစလန်းပြည်နယ်မှာ ကော်ရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတခုကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။  တရုတ်အမျိုးသမီးအသင်းဟာ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဖြစ် ထိုင်းလက်ရွေးစင်အသင်းနဲ့ လာမယ့် တနင်္လာနေ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာကျင်းပဖို့ စီစဉ်ထားတဲ့ အားကစားပြိုင်ပွဲတွေအပေါ် ထိခိုက်မှုတွေ ရှိလာပါတယ်။  ဖေဖော်ဝါရီ ၁၅၊ ၁၆  ရက်နေ့တွေ ယန်ကျင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကမ္ဘာ့ဖလားအမျိုးသား စကိတ်စီးပြိုင်ပွဲကို ဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။  မတ် ၁၃ ရက်ကနေ ၁၅ ရက်အထိ နန်ကျင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၀ World Athletics Indoor Chanpionship ပြိုင်ပွဲကိုလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ၁၂ လ နောက်ဆုတ်လိုက်ပြီဖြစ်ပါတယ်။  ဒါ့အပြင် Formula 1 နဲ့ Formula E အဖွဲ့ချုပ်တို့ကလည်း တရုတ်နိုင်ငံမှာကျင်းပမယ့် ပြိုင်ပွဲတွေအတွက် လက်ရှိနိုင်ငံတွင်းက ကျန်းမာရေးဆိုင်ရာ အ‌ခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 
2 years Ago

January 2, 2020

နိုင်ငံခြားသား ကစားသမားများ၏လစာ တရုတ်ဘောလုံး အဖွဲ့ချုပ် ကန့်သတ်

တရုတ်စူပါလိဂ်မှာ နိုင်ငံခြားသားကစားသမားတွေရဲ့ လစာကို ဒေါ်လာ ၃ ဒသမ ၃ သန်းအဖြစ် ကန့်သတ်လိုက်သလို  ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းသစ်တွေကိုလည်း တရုတ်ဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်ပါတယ်။  အခုချမှတ်လိုက်တဲ့ စည်းမျဉ်းတွေထဲမှာ နိင်ငံခြားသားကစားသမားတွေအပြင် တရုတ်နိုင်ငံသား ကစားသမားတွေရဲ့ လစာကန့်သတ်မှုတွေ ပါဝင်တယ်လို့လည်း ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။  သတ်မှတ်ချက်သစ်အရ တရုတ်နိုင်ငံသားကစားသမားတွေရဲ့လစာဟာ ယွမ် ၁၀ သန်း (ဒေါ်လာ ၁ ဒသမ ၄၅ သန်း) သာရှိရမှာဖြစ်ပြီးတော့ နိုင်ငံလက်ရွေးစင်ကစားသမားတွေကိုတော့ ယွမ် ၁၂ သန်းအထိ ပေးနိုင်ပါတယ်။  အသင်းတိုင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း ယွမ် ၁ ဒသမ ၁ ဘီလီယံ (ဒေါ်လာ သန်း ၁၆၀) ထက် ကျော်လွန်အသုံးပြုခွင့်ရမှာ မဟုတ်တော့ဘဲ ကစားသမားလစာပေးချေမှုဟာလည်း စုစုပေါင်း အသုံးစရိတ်ရဲ့ ၆၀ ရာခိုင်နှုန်းအောက်သာရှိရပါမယ်။  “ကျနော်တို့အသင်းတွေက ငွေသုံးကြမ်းနေပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးလောကဟာ မှန်ကန်တဲ့လမ်းပေါ်မှာ ရှိမနေပါဘူး။ ကျနော်တို့ ဘက်ကသာ အချိန်မီပြင်ဆင်မှုမလုပ်နိုင်ရင် ဒီဘောလုံးလိဂ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပါတယ်” လို့ တရုတ်ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ချိန်ရှီယွမ်ကပြောပါတယ်။  အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းတွေထဲမှာ စူပါလိဂ်အသင်းတွေရဲ့ နိုင်ငံ  ခြားသားကစားသမား ခေါ်ယူမှုနဲ့ ပွဲအတွင်း ထည့်သွင်းအသုံးပြုနိုင်မှုတို့အပေါ် ကန့်သတ်ချက်တွေလည်း ပါဝင်ပါတယ်။  အခုရာသီအတွင်း စူပါလိဂ်ကလပ်တွေဟာ နိုင်ငံခြားသားကစားသမား ငါးဦးအထိ ခေါ်ယူနိုင်မှာဖြစ်ပြီး ဒါဟာ အရင်ကသတ်မှတ်ထားတဲ့ လေးဦးထက်တဦး ပိုလာတာဖြစ်ပါတယ်။ ဒါပေမယ့်ပြိုင်ပွဲမှာတော့  နိုင်ငံခြားသား ကစားသမားလေးဦးကိုသာ ထည့်သွင်းအသုံးပြုနိင်ပါတယ်။  ထွက်ပေါ်လာတဲ့ သတ်မှတ်ချက်အသစ်တွေမှာ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ဖြေလျော့မှုတွေလည်း ပါဝင်ပြီးတော့ တရုတ်နိုင်ငံမှာမွေးခဲ့သူ  ဒါမှမဟုတ် တရုတ်မျိုးရိုးရှိသူကို နိုင်ငံခြားသားအဖြစ်သတ်မှတ်မှာမဟုတ်ပါဘူး။  ဒါ့အပြင် ငါးနှစ်နဲ့အထက် တရုတ်နိုင်ငံသား ခံယူထားသူ ဒါမှမဟုတ် တရုတ်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရှိသူတွေကိုလည်း နိုင်ငံခြားသားမဟုတ်သူလို့သာ သတ်မှတ်ထားပါတယ်။  တရုတ်ဘောလုံးအဖွဲ့ချုပ်က စူပါလိဂ်အသင်းတွေရဲ့ နိုင်ငံခြားသားကစားသမားတွေအပေါ် ငွေသုံးကြမ်းနေမှုကို ထိန်းချုပ်လိုနေတာဖြစ်ပြီး တခြားတဖက်မှာလည်း ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်နိုင်ပြီး တရုတ်ကစားသမားတွေအတွက် အခွင့်အရေးသစ်တွေ ပေါ်ထွက်လာအောင် ဖန်တီးချင်နေတာဖြစ်ပါတယ်။  ဒါပေမယ့် အခုအသစ်ထွက်ပေါ်လာတဲ့ စည်းမျဉ်းတွေဟာလည်း အရင်တုန်းက  သတ်မှတ်ချက်တွေလို အားနည်းချက်တွေရှိနေပြီးတော့ ဘောနပ်စ်နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုမပါတာကြောင့် အသင်းတွေဟာ ဒီအချက်ကိုအသုံးချပြီး နိုင်ငံခြားသားတွေရဲ့လစာကို တိုးမြှင့်ပေးချေနိုင်တဲ့ အနေအထားရှိနေပါတယ်။ 
2 years Ago
Up