တရုတ်ခရီးသွားလျော့နည်း

February 3, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖူးခက်ကျွန်းတွင် တရုတ်ခရီးသွားလျော့နည်း

လက်ရှိအချိန်ဟာ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းပုလဲလို့ တင်စားကြတဲ့ ဖူးခက်ကျွန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ အစည်ကားဆုံးအချိန် ဖြစ်သင့်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေလို့ ခုတော့ တိတ်ဆိတ်ရှင်းလင်းနေပါတယ်။ “ဗိုင်းရပ်စ် သတင်းပြန့်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ တရုတ်ခရီးသည်တွေ သိသိသာသာ နည်းသွားတယ်။ ခုတော့ ဖောက်သည် ၇၀ ရာခိုင်နှုန်းလောက် မရှိတော့ဘူး ထင်တယ်”လို့ ပို့စ်ကတ်ဆိုင်ရှင်တယောက်က ပြောပါတယ်။ ဖူးခက်ကမ်းခြေဟာ ဘန်ကောက်မြို့တော်ပြီးရင် ထိုင်းနိုင်ငံအတွင်း ဒုတိယ လူလာအများဆုံး ခရီးသွားလုပ်ငန်း ထွန်းကားရာ နေရာပါ။ အထူးသဖြင့် တရုတ်နှစ်သစ်ကူး ရာသီမှာ တရုတ်ခရီးသည်တွေ အကြီးအကျယ် လာရောက်လေ့ရှိပါတယ်။ တရုတ်အစိုးရဟာ ဝူဟန်မြို့က စတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြား ခရီးသွားအုပ်စု အားလုံးကို ကန့်သတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို မနှစ်က တရုတ်ခရီးသည် ၁၁ သန်း လာရောက်လည်ပတ်ခဲ့ပါတယ်။ အခုတော့ ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ၁၉ ယောက် ရှိနေပြီး တရုတ်နိုင်ငံပြင်ပမှာ ကူးစက်ခံ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ တရုတ်ခရီးသည် လာရောက်လည်ပတ်မှု လျော့တာ တခုတည်းကနေ ခရီးသွားလုပ်ငန်းက ရငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂ ဘီလီယံ ဆုံးရှုံးတယ်လို့ ထိုင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
1 year Ago
Up