တရုတ်ကျန်းမာရေးဝန်ကြီး

January 27, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုတိုးလာဟု တရုတ်ကျန်းမာရေးဝန်ကြီး သတိပေး

လူ ၅၆ ယောက် သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပိုပြီးပြင်းထန် အားကောင်းလာနေတယ်လို့ တရုတ်ကျန်းမာရေးဝန်ကြီး မာရှောင်းဝေက ဇန်နဝါရီ ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်စွမ်းက တိုးလာနေပြီး သန္ဓေပြောင်းမယ့် ဘေးတွေကို အရာရှိတွေက ရှင်းရှင်းလင်းလင်း မသိကြသေးဘူးလို့လည်း သူက ပြောပါတယ်။ ကူးစက်ခံရသူအရေအတွက် ပိုတိုးလာနိုင်ပြီး လောလောဆယ် ကမ္ဘာတလွှားမှာ လူ ၂၀၅၇ ကူးစက်ခံထားရကြောင်း အတည်ပြုပြီးပြီလို့ သူက ဆက်ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်နှုန်း ပိုမြန်လာနေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း သတိပေးထားပါတယ်။  ဗြိတိန်အစိုးရကတော့ သူ့နိုင်ငံသားတွေ ရောဂါစတင်ရာ ဟူဘေးပြည်နယ်ကနေ ထွက်ခွာကြဖို့ သတိပေးထားပါတယ်။ ကူးစက်မှု ထိန်းချုပ်ဖို့ အရင်ရက်တွေကတည်းက အဝင်အထွက် ပိတ်ပင်ထားတဲ့ ဟူဘေး ပြည်နယ်ကို ခရီးမသွားကြဖို့ ဗြိတိန်နိုင်ငံခြားရေးရုံးက လမ်းညွှန်ချက် ထုတ်ထားပါတယ်။  လောလောဆယ် ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိသူ အယောက် ၃၀ ကို စစ်ဆေးနေပြီး ကူးစက်ခံရကြောင်း အတည်မပြုရသေးပါဘူး။  ကူးစက်မှု စတင်ရာ ဟူဘေးပြည်နယ် ဝူဟန်မြို့က ဆေးရုံတွေမှာ လူတွေကြပ်ညပ်နေပြီး ဆရာဝန်တွေက လူနာတွေကို ကုသပေးနေပုံကိုလည်း တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဝူဟန်မှာ ဆေးဘက်ပညာရှင် မလုံလောက်လို့ အားဖြည့်ဖို့ ရှန်ဟိုင်း၊ ကွမ်ကျိုး နဲ့ ချုံချင်း မြို့တွေက ဆရာဝန်တွေကို တရုတ်အာဏာပိုင်တွေက ဇန်နဝါရီ ၂၅ ရက်မှာ တာဝန်ချထားခဲ့ပါတယ်။ ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်ကလည်း ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကူးစက်မှု အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီး ကျောင်းတွေကို ဖေဖော်ဝါရီ ၁၇ ရက်ထိ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကြား ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေနဲ့ မြန်နှုန်းမြင့် ရထားခရီးစဉ်တွေကိုလည်း ရပ်နားမှာပါ။  ကမ္ဘာလှည့် ခရီးသည်တွေကြား လူကြိုက်များတဲ့ ဒစ်စနေးလန်း၊ အိုးရှင်းပါ့ခ် ကစားကွင်းနဲ့ ပြတိုက်တွေကို ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတဲ့ အကြောင်းကြားစာ မထုတ်ပြန်မချင်း ပိတ်ထားမယ်လို့ စီမံခန့်ခွဲရေးရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
1 year Ago
Up