တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းရန်

July 23, 2020

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းရန် အမေရိကန်အစိုးရပြော

ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်ကြား ဆက်ဆံရေး ပိုဆိုးလာနေချိန်မှာ အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမေရိကန်အစိုးရက ဇူလိုင်လ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် တရုတ်အစိုးရကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်ကူးစက်တဲ့နေရာလို့ သိထားကြတဲ့ ဝူဟန်မြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းရင်းမြစ် တရပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြ ပါတယ်။  ဟူစတန်ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်က အတင်းအကြပ် တောင်းဆိုချက်ဟာ မကြုံ စဖူး ကျယ်ပြန့် ပြင်းထန်လာတဲ့ လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်မှာ ပြောပါတယ်။  တရုတ်အစိုးရဟာ ဟူစတန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ၇၂နာရီ အချိန်ပေးခဲ့ရတယ်လို့ တရားဝင်တရုတ်မီဒီယာတခုရဲ့ အယ်ဒီတာက ပြောပါတယ်။  အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့လုပ်ရပ်ဟာ အမေရိကန်တွေရဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ ပုဂ္ဂလိက သတင်းအချက်အလက်တွေကို ကာကွယ်ဖို့လို့ ပြောပါတယ်။ တရုတ်အစိုးရကတော့ အမေရိကန်ရဲ့အမိန့်ကို ပြစ်တင်ရှုတ်ချပြီး လက်စားချေမယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မယ် ဆိုတာတော့ မပြောပါဘူး။ တရုတ်သူခိုးတွေဟာ အမေရိကန်နဲ့ ဥရောပဉာဏပစ္စည်းတွေကို ခိုးယူတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဒိန်းမတ်ခရီးစဉ်အတွင်း ထပ်စွပ်စွဲပါတယ်။ တရုတ်ရဲ့ဒီလုပ်ရပ်ကြောင့် အလုပ်အကိုင် ရာထောင်ချီ ဆုံးရှုံးနေရတယ်လို့လည်း ပြောပါတယ်။ ကမ္ဘာတဝန်းက ရာချီတဲ့ လူတွေ၊ ကိုဗစ်-၁၉ သုတေသနပညာရှင်တွေ၊ ကာကွယ်ရေး ကန်ထရိုက်တာတွေကို ပစ်မှတ်ထားပြီး ဆယ်စုနှစ်ချီ ဆိုင်ဘာသူလျှိုထောက်မှုအတွက် တရုတ် နိုင်ငံသား ၂ယောက်ကို အမေရိကန်တရားရေးဌာနက တရားစွဲထားတာကိုလည်း ပွန်ပေအိုက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
1 year Ago
Up