တရုတ်ကမ္ဘာလှည့်ခရီးသည်အုပ်စု

A d v e r t i s e m e n t With Us

October 21, 2020

ထိုင်းနိုင်ငံက တရုတ်ကမ္ဘာလှည့်ခရီးသည်အုပ်စုကို လက်ခံကြိုဆို

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံကလာတဲ့ ကမ္ဘာလှည့်ခရီးသည်အုပ်စု တစ်အုပ်စုကို အောက်တိုဘာ ၂၀ ရက်က လက်ခံ ကြိုဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တိုက်ဖျက်ရေးအတွက် ဧပြီလကစပြီး လေကြောင်း ခရီးစဉ်တွေကို တားမြစ်ပိတ်ပင်ထားပြီးကတည်းက ပထမဆုံး ခရီးသည်ဆိုက်ရောက်မှုပဲလို့ အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။ ရှန်ဟိုင်းမြို့က ခရီးသည် ၃၉ ဦးဟာ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်လာခဲ့တယ်လို့ လေဆိပ် ဒုညွှန်မှူး ကစ်တိပွန်ကစ်တိကာချုံက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့ကို အရေးပေါ်အခြေအနေကြေညာအပြီး လူစုလူဝေးတွေကို တားမြစ်ပိတ်ပင်ချက်ကို အာခံတဲ့အနေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဆက်ပြီး ဆန္ဒပြနေဆဲပါ။ မတည်ငြိမ်မှုတွေက တိုင်းပြည်ရဲ့ အကျိုးစီးပွားကို သက်ရောက်စေမှာ မဟုတ်ဘူးလို့ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ TAT ရဲ့ အုပ်ချုပ်ရေးမှူး ယုသာဆခ်ဆူပါဆုန်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ခရီးသည်တွေဟာ ဟိုတယ်ခန်းထဲမှာ ၇ ရက်နဲ့ ဟိုတယ်ခြံဝင်းထဲမှာ ၇ ရက် ရောဂါခြေချုပ်နဲ့ နေရတယ်။ ပြီးရင်တော့ ထိုင်းနိုင်ငံထဲမှာ သူတို့သွားချင်တဲ့ တခြားနေရာတွေကို သွားရောက် လည်ပတ်နိုင်ပြီလို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီး ဖီဖတ်ရတ်ချကစ်ပရာကန်က ပြောပါတယ်။ ခရီးသွားလုပ်ငန်းကို အားကိုးရတဲ့ ထိုင်းနိုင်ငံဟာ ဒီနှစ်ထဲမှာ နိုင်ငံခြား ခရီးသွား ၆ ဒသမ ၇ သန်းကို လက်ခံနိုင်မယ်လို့ အစိုးရက ခန့်မှန်းပါတယ်။ ၂၀၁၉ မှာ ထိုင်းနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၉ ဒသမ ၈သန်း လာရောက်လည်ပတ်ခဲ့ပြီး လည်ပတ်သူတွေ သုံးတဲ့ငွေဟာ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၆ ဘီလီယံရှိလို့ ထိုင်းနိုင်ငံ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အခုရောက်လာတဲ့ ခရီးသည်အသစ်တွေဟာ ရက် ၉၀ အထူးပြည်ဝင်ခွင့်နဲ့ ရောက်လာတာပါ။ ရောက်ရောက်ချင်း ရောဂါခြေချုပ် ကွာရန်တင်းနဲ့ နှစ်ပတ်နေပြီး ပိုးရှိ၊ မရှိ ဆေးစစ်ချက် ၃ ကြိမ်လုံး ပိုးကင်းရှင်းမှသာ ထိုင်းနိုင်ငံထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့က ဒုတိယအသုတ် ခရီးသည်တွေ ထိုင်းနိုင်ငံကို အောက်တိုဘာ ၂၆ မှာ ရောက်လာမှာဖြစ်ပြီး နောက်အသုတ်တွေကတော့ နိုဝင်ဘာလမှာ ဆက်တိုက် ရောက်လာမယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုမရှိဘဲ အသစ်တွေ့တဲ့ ကူးစက်ခံတွေဟာ နိုင်ငံခြားကနေ ထိုင်းကို ပြန်လာသူတွေလို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ  ၃,၇၀၀ ရှိပါတယ်။
3 months Ago
Up