တရားရုံး ပယ်ချ

February 2, 2018

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်၏ အာမခံလျှောက်ထားမှု တရားရုံး ပယ်ချ

ကမ္ဘောဒီးယားတရားရုံးက အတိုက်အခံ ခေါင်းဆောင်အတွက် အာမခံ လျှောက်ထားမှုကို ပယ်ချလိုက်ပါတယ်။ ဖမ်းဆီးခံ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါရဲ့ အာမခံလျှောက်ထားမှုကို တရားရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ခမ်ဆိုခါဟာ အစိုးရကိုဖြုတ်ချရေး ကြိုးစားမှု စွဲချက်တွေနဲ့ မနှစ်က အဖမ်းခံခဲ့ရတာပါ။ ဖျက်သိမ်းခံ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ရဲ့ ခေါင်းဆောင် ခမ်ဆိုခါကို စက်တင်ဘာ ၃ ရက်က ဖမ်းခဲ့တာပါ။ အာဏာရှင်ဝန်ကြီးချုပ် ဟွန်ဆန်ကို ဝေဖန်သူတွေကို နှိမ်နင်းမှုအတွင်း အဖမ်းခံရတာ ဖြစ်ပါတယ်။ “အယူခံ တရားရုံးက အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆက်ကိုင်စွဲဖို့ ဆုံးဖြတ်တယ်။ ခမ်ဆိုခါကို သူ့ဘေးကင်းရေး အခြေခံအတွက် အာမခံနဲ့ လွှတ်ပေးဖို့ ခွင့်မပြုခဲ့ဘူး။ အနာဂတ်မှာ သူ့တရားခွင်အတွက် တရားရုံး လုပ်ငန်းစဉ်ကို ဆက်ထားဖို့လည်း ဖြစ်တယ်” လို့ အတိုက်အခံပါတီရဲ့ ခုခံလျှောက်လဲသူ ရှေ့နေ ကျောင်းကျိုးငိုင်က ပြောပါတယ်။ ခမ်ဆိုခါဟာ ပင်ပန်းနေပုံပေါ်တယ်၊ သူ့မှာ သွေးတိုးနဲ့ ဆီးချိုရောဂါတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ နှစ်ကြိမ် ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် ကြိုတင်နှိမ်နင်းတာလို့ လူ့အခွင့်အရေး အုပ်စုတွေက ဝေဖန်ပြစ်တင်ပါတယ်။ ရွေးကောက်ပွဲမှာ ဟွန်ဆန်ရင်ဆိုင်ရမယ့် အကြီးဆုံး စိန်ခေါ်မှုဖြစ်နိုင်တဲ့ CNRP ပါတီကို ဖျက်သိမ်းပြီး ခေါင်းဆောင် ခမ်ဆိုခါကို ထောင်ချခဲ့တာလို့ အုပ်စုတွေက ပြောပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲကိုတော့ ဇူလိုင်လမှာ ကျင်းပမှာပါ။ ခမ်ဆိုခါဟာ ကမ္ဘောဒီးယားအစိုးရကို ဖြုတ်ချဖို့ အမေရိကန်ဆီက အကူအညီကို ယူနေတယ်လို့ ဟွန်ဆန်က စွပ်စွဲပါတယ်။ အမေရိကန် သံရုံးကတော့ နိုင်ငံရေး စွက်ဖက်တယ်ဆိုတဲ့ ဘယ်လိုစွဲချက်ကိုမဆို ပယ်ချခဲ့ပါတယ်။
4 years Ago
Up