တောင်ကိုရီးယားသမ္မတ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ဆမ်ဆောင်း ကုမ္ပဏီ အရာရှိချုပ်ကို ဖမ်းဆီးဖို့ အစိုးရအထူးရှေ့နေတွေရဲ့ တောင်းဆိုမှုကို တရားရုံးက ကြာသပတေးနေ့ ပယ်ချလိုက်ပါတယ်။
အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အရာရှိချုပ် လီကို ဖမ်းဆီးဖို့ လုံလောက်တဲ့ အထောက်အထားမရှိဘူးလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို လွှတ်တော်မှာ ပြစ်တင်စွပ်စွဲခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ အဂတိလိုက်စာမှုနဲ့ဆက်နွှယ်ပြီး အရာရှိချုပ် လီကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တာပါ။
အစိုးရဆီက အခွင့်ထူးရဖို့ သမ္မတနဲ့ ရင်းနှီးတဲ့မိတ်ဆွေရဲ့ လူမှုအဖွဲ့အစည်းကို ငွေပေးခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဆမ်ဆောင်း ကုမ္ပဏီကတော့ စွပ်စွဲမှုတွေကို အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။
အသက် ၄၈ အရွယ် ဆမ်ဆောင်း အရာရှိချုပ် လီဟာ ကုမ္ပဏီကို ထူထောင်သူရဲ့ မြေးတဦးဖြစ်ပြီး လက်ရှိ ကုမ္ပဏီ ဥက္ကဋ္ဌရဲ့ သားဖြစ်ပါတယ်။
နှလုံးရောဂါ ခံစားနေရတဲ့ အသက် ၇၄ နှစ်အရွယ် ဖခင်ဖြစ်သူ အနားယူသွားရင်တော့ ဆမ်ဆောင်း လုပ်ငန်းစုကြီးတခုလုံးရဲ့ ဥက္ကဋ္ဌဖြစ်လာဖွယ်ရှိပါတယ်။
သူ့ကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့တာကို တရားရုံးက ငြင်းဆန်ခဲ့တဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ အစိုးရအထူးရှေ့နေရုံးကပြောဆိုပါတယ်။
6 years Ago