တရားဝင်ရောင်းချခွင့် ပြုပြီ

April 9, 2017

ဥရုဂွေးနိုင်ငံ ဆေးဆိုင်များတွင် ဆေးခြောက် တရားဝင်ရောင်းချခွင့် ပြုပြီ

ဥရုဂွေးနိုင်ငံမှာ လာမယ့် ဇူလိုင်လကစပြီး ဆေးခြောက်ကို ဆေးဆိုင်တွေမှာတင်ရောင်းချခွင့်ကို အစိုးရက တရားဝင်ခွင့်ပြုလိုက်ပါတယ်။ ဥရုဂွေးနိုင်ငံဟာ အခုလို ဆေးခြောက်တွေကို ဆေးဆိုင်တွေကနေ တကိုယ်ရေသုံး တရားဝင်ရောင်းချဝယ်ယူခွင့်ရတာ ကမ္ဘာပေါ်မှာ ပထမဆုံးနိုင်ငံဖြစ်လာမှာပါ။ အခုလို ရောင်းချခွင့်ရဖို့ ၂၀၁၃ ခုနှစ်ကတည်းက လွှတ်တော်တင် ဆွေးနွေးခဲ့ကြပေမယ့်လည်း အခုကျမှ အတည်ပြုနိုင်ခဲ့တာပါ။ ဒီဥပဒေသစ်အရကတော့ ဆေးခြောက် ၀ယ်ယူသုံးစွဲမယ့်သူဟာ အစိုးရမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး လာမယ့် မေလ ၂ ရက်နေ့မှာ မှတ်ပုံတင်လုပ်ငန်းတွေ စတင်မယ်လို့ ဆိုပါတယ်။ ဆေးခြောက် ၁ ဂရမ်ကို အမေရိကန်ဒေါ်လာ ၁.၃ ဒေါ်လာနဲ့ ရောင်းချရမယ်လို့ ဥရုဂွေးသမ္မတ အကြံပေးကပြောဆိုပါတယ်။ ဆေးခြောက်သုံးစွဲခွင့် မှတ်ပုံတင်ရမယ့်သူဟာ ဥရုဂွေးနိုင်ငံသား ဒါမှမဟုတ် ဥရုဂွေးနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရသူ ဖြစ်ရမှာဖြစ်ပြီး ၁ လကို ဆေးခြောက်ဂရမ် ၄၀ သာ အများဆုံး ၀ယ်ယူခွင့် ရရှိမှာဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်နဲ့ စိုက်ပျိုးတဲ့ ဆေးခြောက်ခြံတွေက ဆေးခြောက်တွေကိုပဲ အခုလို ဆိုင်တင်ရောင်းချရမှာဖြစ်ပြီး ဆေးခြောက်သုံးစွဲသူတွေ တကိုယ်ရေ စိုက်ပျိုးသုံးစွဲခွင့်လည်း အစိုးရက ခွင့်ထားပါတယ်။ အခုလို ဆေးခြောက်ကို အစိုးရက သတ်မှတ်ပေးထားတဲ့ နှုန်းထားနဲ့ပဲ ရောင်းချရမှာဖြစ်တဲ့အတွက် အကျိုးအမြတ်ရှိမရှိဆိုတာကိုလည်း ဆေးဆိုင်တွေက သံသယဖြစ်နေကြတာပါ။ ဆေးခြောက်သုံးစွဲသူတွေတချို့ကလည်း အစိုးရမှာ တရားဝင်မှတ်ပုံတင်ရမယ်ဆိုတာဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုချိုးဖောက်မှုဖြစ်တယ်။ သိပ်ဘ၀င်မကျဘူးလို့ ပြောဆိုနေကြပါတယ်။
4 years Ago
Up