တရားရေးမဏ္ဍိုင်

September 8, 2018

အစိုးရက တရားရေးမဏ္ဍိုင် ၀င်စွက်ဖက်ခြင်း လုံးဝမရှိဟု ဦးဇော်ဌေးပြော

အစိုးရအနေနဲ့ တရားရေးမဏ္ဍိုင်ကို ပါဝင်စွက်ဖက်တာ မရှိကြောင်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေကိစ္စကို မှတ်ချက်မပေးလိုဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့က နေပြည်တော်၊ သမ္မတအိမ်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ “ကျနော်တို့က လောလောဆယ် ဘာလုပ်ပေးမယ်လို့ ပြောလို့ မရဘူး။ ဒီ စီရင်ချက်အပေါ်မှာလည်း ကျနော်တို့ ဘာမှ မှတ်ချက် မပေးလိုဘူး” လို့ ပြောပါတယ်။ ရိုက်တာ သတင်းထောက်တွေနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်က ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပြီး အစိုးရအနေနဲ့ တရားရုံးမှာ စစ်ဆေးဆဲအမှုတွေကို ပါဝင်စွက်ဖက်တာ မရှိသလို ဖိအားပေးတာလည်း မရှိဘူးလို့ ပြောပါတယ်။ “အစိုးရအနေနဲ့ တရားစီရင်ရေးကို ဖိအားပေးတာ လုံးဝ မရှိပါဘူး။ ကျနော်တို့မှာ ပေါ်လစီရှိပါတယ်။ တိုင်စာတွေနဲ့ ပတ်သက်လာရင်တောင်မှ တရားရုံးရောက်နေတဲ့ ကိစ္စတွေကို မလုပ်ပေးပါဘူး။ တရားစီရင်ရေးရဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အစိုးရက ဝင်ရောက်စွက်ဖက်တာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။ ရိုက်တာ သတင်းထောက်တွေကို ထောင်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန် စတဲ့ နိုင်ငံတွေက ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပျက်ပြားစေလို့ စိတ်ပျက်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံးကနေ မြန်မာနိုင်ငံကို စီရင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်လိုက်တဲ့ကိစ္စ၊ ဘင်္ဂလားဒေ့ရှ် ရောက်နေသူတွေကို ပြန်လက်ခံရေးကိစ္စတွေနဲ့ ပတ်သက်လို့ မနေ့ညနေပိုင်းက သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
3 years Ago

March 8, 2017

တရားရေးမဏ္ဍိုင်ကို ဘယ်လို တည့်မတ်မလဲ

  အစိုးရသစ် တာဝန်ယူခဲ့တဲ့ တနှစ်တာ ကာလထဲမှာ မဏ္ဍိုင်ကြီး သုံးရပ်အနက် တရားရေးကဏ္ဍဟာ တိုးတက်မှုမရှိသေးတဲ့အကြောင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်းထိန်က ဖေဖော်ဝါရီ ၂၀ ရက်မှာ  ပြုလုပ်တဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားတဲ့အထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီအချက်ဟာ အာဏာရပါတီအနေနဲ့ လက်ရှိတရားစီရင်ရေးမဏ္ဍိုင် အပေါ် ဘဝင်မကျမှုတွေ ဘယ်လောက်အထိ များပြားနေတယ် ဆိုတာကို သိသာစေပါတယ်။ တကယ်တော့ တရားရေးမဏ္ဍိုင်အပေါ် ဘဝင်မကျမှု၊ စိတ် မကျေမနပ်မှုတွေ ဖြစ်နေတာဟာ အာဏာရပါတီတခုတည်း မဟုတ်ပါဘူး။ မီဒီယာတွေရဲ့ ဖော်ပြချက်တွေ၊ လွှတ်တော်အစီရင်ခံစာတွေ၊ ပြည်သူလူထုကြားထဲက ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ကြည့်ရုံနဲ့ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်အပေါ်  ပြည်သူလူထု တရပ်လုံးက ယုံကြည်မှုကင်းမဲ့နေတယ် ဆိုတာကို ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင် တိမ်းစောင်းနေသလား ဒီနှစ်လလောက် အတောအတွင်း မီဒီယာပေါ် တက်လာတဲ့ သတင်းတွေထဲမှာ အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီကို တိုင်ကြားစာ အစောင်ရေ ၄၀၀၀ ကျော် ရောက်လာတဲ့အနက် သုံးပုံ နှစ်ပုံလောက်က တရားရေးနဲ့ သက်ဆိုင်တဲ့ တိုင်ကြားစာတွေ ဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌဦးဆန်းမြင့်က ပြောဆိုလိုက်တဲ့ သတင်း၊ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှု ပြန်လည်တည့်မတ်ရေး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းတဲ့အဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှုကင်းပြီး မှန်ကန်စွာ တရားစီရင်နိုင်ရေးဆိုင်ရာအဆိုကို ဧရာဝတီတိုင်းလွှတ်တော်မှာ ဆွေးနွေးတဲ့သတင်း၊ တရားစီရင်ရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တရားရုံးတွေကို ပိုမိုထိန်းကွပ်ကြီးကြပ်ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ သတင်း၊ အဂတိလိုက်စားမှုနဲ့ တရားစွဲခံနေရတဲ့ ပွင့်ဖြူမြို့နယ် တရားသူကြီး ထွက်ပြေးနေတယ်ဆိုတဲ့ သတင်းတွေက ပြည်သူလူထုကြားထဲမှာ ပြောစမှတ်ပြုစရာ သတင်းတွေ ဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင် တည့်မတ်နေသလား၊ တိမ်းစောင်းနေသလား ဆိုတာ ဒီအချက်အလက် တွေအပေါ် ကြည့်ရုံနဲ့ သိသာပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလမှာလည်း ပြည်သူလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက ၂၀၁၂ ဇူလိုင်မှ ၂၀၁၅ နိုဝင်ဘာအထိ သုံးနှစ်တာ ကာလအတွင်း ပြည်သူလူထုက တိုင်ကြားလာတဲ့ တိုင်စာ ၁ သောင်းကျော်မှာ တရားရုံးအဆင့်ဆင့်ရဲ့ဆောင်ရွက်ချက်တွေ  အပေါ် မကျေနပ်လို့ တိုင်ကြားတာတွေက အများဆုံးဖြစ်တဲ့အကြောင်း၊ တရားစီရင်ရေး အပိုင်းမှာ အဂတိတရားတွေ လွှမ်းခြုံနေတာကို တွေ့ရပြီး တရားသူကြီး အဆင့်ဆင့်ဟာ အထက်တရားသူကြီး အဆင့်ဆင့်ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်ရာမှာ အပေးအယူကိစ္စတွေနဲ့ ပတ်သက်ပြီး ကွင်းဆက်တွေ ရှိနေတာကို တွေ့ရှိရကြောင်း၊ အလားတူ ဥပဒေဝန်ထမ်း အဆင့်ဆင့်မှာလည်း ကြီးကြပ်သူ အဆင့်ဆင့် ဝန်ထမ်းတွေဟာ ယေဘုယျအားဖြင့် ကွင်းဆက်ရှိနေပြီး နားလည်မှုနဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု လွန်စွာနည်းပါးနေတာကြောင့် ပြည်သူတွေအနေနဲ့ လူမှု၊ စီးပွားရေးဘဝတွေ လုံခြုံမှုမရှိဟု ခံစားနေရကြောင်း၊ တရားရုံး၊ တရားလွှတ်တော် အဆင့်ဆင့်ကို ဒီမိုကရေစီ ကျင့်ဝတ်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ပါကြောင်းကိုလည်း ဒီအစီရင်ခံစာမှာ  ထည့်သွင်းဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လထဲမှာ The World Justice က ထုတ်ဝေခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ Rule of Law Index 2014 အစီရင်ခံစာအရဆိုရင်လည်း မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးမှုအဆင့် သတ်မှတ်ချက်မှာ နိုင်ငံပေါင်း ၉၉ နိုင်ငံအနက် အဆင့် ၈၉ မှာရှိနေပြီး ဒေသတွင်း အာဆီယံ ၇ နိုင်ငံထဲမှာ အဆင့် ၆ ဖြစ်နေပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လက်ရှိအနေအထားဟာ သိသိသာသာကို တိမ်းစောင်းနေတယ်ဆိုတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီတော့ တိမ်းစောင်းနေတဲ့ တရားရေးမဏ္ဍိုင်ကို ဘယ်လို ပြုပြင်ကြမလဲ၊ အပြစ်ဖို့နေရုံနဲ့ ပြီးနေတော့မလား၊ တရားရေးမဏ္ဍိုင် ပြန်လည်တည့်မတ်လာ အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေက စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံရဲ့ ပေးထားချက် အခြေခံဥပဒေ ပုဒ်မ ၁၁(က) မှာ “နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းပြုသည်” လို့ ပြဋ္ဌာန်းထားပါတယ်။ အစိုးရသစ်လက်ထက် တနှစ်တာကာလမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကြား အာဏာပိုင်းခြားသုံးစွဲတာ၊ အပြန်အလှန်ထိန်းကျောင်းတာတွေ ရှိပေမယ့် တရားရေးမဏ္ဍိုင်ကတော့ အပြန်အလှန် ထိန်းကျောင်းမှုအပေါ် လက်ခံလိုတဲ့ သဘော မရှိပါဘူး။ အထူးသဖြင့် “တရားစီရင်ရေးစောင့်ကြည့်ရေးအဖွဲ့” တွေ ဖွဲ့စည်း ဆောင်ရွက်မယ့်ကိစ္စဟာ မဏ္ဍိုင်တရပ်က အခြားမဏ္ဍိုင်တရပ်အပေါ် စောင့်ကြည့်မယ့် သဘော သက်ရောက်တာကြောင့် အာဏာကို တန်းတူကျင့်သုံးခွင့်ရှိခြင်း ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်ရာ ရောက်တယ်လို့ တရားရေးဘက်က ယူဆနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်က ကြည့်ပြန်တော့လည်း တရားစီရင်ရေးစနစ်ထဲမှာ အကျင့်ပျက် ခြစားမှုတွေ မရှိခဲ့ဘူးဆိုရင် ဒီလို စောင့်ကြည့်ရေးအဖွဲ့မျိုး ပေါ်လာစရာအကြောင်း မရှိနိုင်ဘူး လို့ ဆိုရမှာ ဖြစ်ပါတယ်။ အမှုအခင်းတခုခု ဖြစ်လာ ရင်စွပ်စွဲခံရသူ၊ တရားလို၊ တရားသူကြီး၊ ရှေ့နေရှေ့ရပ်တွေ၊ တရားရေးဝန်ထမ်းနဲ့ စာပို့လုလင်အထိ အလိုအလျောက် ပါဝင်ပတ်သက်ကြရပါတယ်။ ဒါပေမယ့် တရားစီရင်ရေးကဏ္ဍရဲ့ အဂတိလိုက်စားမှုတွေမှာ တရားသူကြီးကနေ စာပို့လုလင်အထိ ပါဝင်ဆက်စပ်နေတာကြောင့် ထင်သာမြင်သာ ဖြစ်အောင် ဖော်ထုတ်ဖို့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါကြောင့် တရားရုံး စောင့်ကြည့်ရေးအဖွဲ့ ရှိဖို့လိုတယ်လို့ ထင်မြင်ယူဆသူတွေက ဒီလိုလုပ်တာဟာ တရားစီရင်ရေးအပေါ်  ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ တရားရုံးတချို့ ထင်ရာစိုင်း လုပ်နေကြတာတွေကို ထိန်းကျောင်းဖို့အတွက်ပဲ ဖြစ်တယ်။ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှု၊ တရားရုံးတွေအပေါ် အယုံအကြည် ကင်းမဲ့နေမှုအပေါ် လျှော့ချနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားရုံး စောင့်ကြည့်ရေးအဖွဲ့ လိုအပ်သည် ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ  သေချာနေတဲ့ အချက်တခုကတော့ ပြည်သူလူထုဟာ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ တရားစီရင်ရေး စနစ်တခုကို မျှော်လင့်တောင့်တနေတယ် ဆိုတာပါပဲ။ တရားစီရင်ရေးစနစ် ဘယ်လို ပြောင်းမလဲ တရားစီရင်ရေးကဏ္ဍအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြတဲ့ ပြည်သူလူထုအနေနဲ့ လက်ရှိတရားစီရင်ရေးစနစ်ကို ပြောင်းလဲစေချင်တဲ့ဆန္ဒ၊ ယုံကြည်အားထားရတဲ့ တရားရုံး ဖြစ်လာစေဖို့ လိုလားနေကြပေမယ့် ဘယ်နည်းဘယ်ပုံနဲ့ ပြောင်းမလဲဆိုတဲ့နေရာမှာကျတော့ ဝိဝါဒတွေ ကွဲပြားနေတုန်းပါ။ လက်ရှိကျင့်သုံးနေတဲ့ တရားစီရင်ရေးနဲ့ဆိုင်တဲ့ မူဝါဒတွေအတွက် တရားရေးဝန်ကြီးဌာနလို အားကောင်းတဲ့ အင်စတီကျူးရှင်းတခုရှိဖို့ လိုတယ်။ တရားစီရင်ရေးစနစ်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်အောင် နိုင်ငံတော်က ပံ့ပိုးပေးဖို့လိုတယ်။ ဖွဲ့စည်းပုံပြင်ပြီး တရားစီရင်ရေးကဏ္ဍကို အပြောင်းအလဲ လုပ်သင့်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိသွားနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလအတွက် အသင့်တော်ဆုံး ကုစားမှုနည်းလမ်းကတော့ ဖွဲ့စည်းပုံကို ပြုပြင်ပြီး အပြောင်းအလဲ လုပ်ခြင်းကသာ တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်နိုင်မယ်လို့ မြင်ပါတယ်။ ပထမအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၆) ပါ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးတဲ့စနစ်ကို ပြောင်းလဲသင့်ပါတယ်။   တရားစီရင်ရေး ကဏ္ဍမှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ရွေးချယ် ခန့်ထားတဲ့အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်ကို ရွေးချယ်ပေးသလို ဖြစ်နေတာကြောင့် ဒီအချက်တွေကို ဖယ်ရှားပစ်ဖို့ လိုနေပါတယ်။ တရားစီရင်ရေးမှာ  တရားသူကြီးတွေကို လွတ်လပ်စွာ ရွေးချယ်ခန့်ထားနိုင်တဲ့စနစ် ဖြစ်မှသာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ တရားသူကြီးတွေ ထွက်ပေါ်လာရေးပါ။ လက်ရှိ တရားလွှတ်တော်အဆင့်ဆင့်မှာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆိုပြီး ရှိပါတယ်။ မြို့နယ်အဆင့် တရားသူကြီး၊ တရားရေးအရာရှိ တာဝန်ထမ်းဆောင်ပြီး သတ်မှတ်ကာလ ပြည့်မှ ခရိုင်အဆင့်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ ခရိုင်အဆင့်မှာလည်း သတ်မှတ် ကာလပြည့်မှ ပြည်နယ်၊ တိုင်းအဆင့်ကို ဆက်လက်ထမ်းဆောင်ရပြီး အဲဒီအဆင့်မှာလည်း သတ်မှတ်တဲ့ နှစ်ကာလပြည့်မှ ပြည်ထောင်စုအဆင့်ကို ဆက်လက် ထမ်းဆောင်ခွင့် ရှိပါတယ်။ တကယ်တော့ ဖြောင့်မှတ်မှန်ကန်တဲ့ တရားသူကြီးတယောက်ဖြစ်ဖို့ ဆိုတာ တရားသူကြီး၊ တရားရေးအရာရှိ၊ ဥပဒေအရာရှိ လုပ်သက်က အဓိကမကျဘဲ ဖြောင့်မတ် မှန်ကန်မှုရှိပြီး ပြည်သူလူထုအပေါ်မှာ မေတ္တာထားတတ်ဖို့က ပဓာနကျပါတယ်။ တရားစီရင်ရေးနယ်ပယ်ထဲကို ဝင်နိုင်တဲ့ ဝင်ပေါက်ဟာ လုပ်သက်ရှိအစိုးရ ဝန်ထမ်း တရားသူကြီး၊ တရားရေးအရာရှိ၊ ဥပဒေအရာရှိကလွဲပြီး ပြင်ပဥပဒေပညာရှင်တွေ ဝင်လို့မရနိုင်တဲ့ တလမ်းသွားစနစ် ဖြစ်နေပါတယ်။ ဒါကြောင့် တိမ်းစောင်းနေတဲ့ တရားရေး မဏ္ဍိုင်ကို ပြန်ပြီး ကုစားနိုင်ဖို့ဆိုရင် လက်ရှိတရားသူကြီးတွေကို ခန့်အပ်သလို ပြင်ပက သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ တရားရေးအရာရှိဟောင်းတွေ၊ တက္ကသိုလ်ဥပဒေ ပညာဌာနက ပါမောက္ခနဲ့ ကထိကတွေ၊ အတွေ့အကြုံရင့်ကျက်တဲ့ တရားလွှတ်တော် ရှေ့နေတွေ၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သရေရှိ ဥပဒေပညာရှင်တွေကိုလည်း တရားသူကြီး ဖြစ်ခွင့်ရှိအောင် ဝင်ပေါက်ဖွင့်ထားပေးသင့်ပါတယ် ။ တရားရေးသူကြီးတွေရဲ့ သက်တမ်း တတိယအချက်က တရားသူကြီးတွေရဲ့ သက်တမ်းကို ပြင်ဆင်ရေးပါ။ တရားရေးမဏ္ဍိုင်အပေါ် ထိန်းကျောင်းဖို့ စဉ်းစားကြတဲ့အခါ ဒီအချက်ကလည်း အရေးကြီးပါတယ်။ လက်ရှိမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းဟာ အသက် ၇၀ အထိဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်ရဲ့ တရားသူကြီးတွေက အသက် ၆၅ နှစ်အထိ ဖြစ်ပါတယ်။ ဒီကြားထဲမှာ တရားသူကြီးတစ်ယောက် ဘယ်လိုပဲ မကောင်းသတင်းတွေနဲ့ ကျော်ကြားနေတာပဲဖြစ်ဖြစ် သက်သေတခုခု မရှိရင် စွပ်စွဲပြစ်တင်လို့မရပါဘူး။ စွပ်စွဲပြစ်တင်လို့ရတဲ့ အကြောင်းရပ် ၅ ချက်ဆိုတာကလည်း ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ အထူးသဖြင့် အဂတိလိုက်စားတဲ့ ကိစ္စမျိုးဆိုတာ ဆိတ်ကွယ်ရာမှာပဲ အပေးအယူ လုပ်ကြတာကြောင့် တရားသူကြီးတယောက်ကို အစားထိုးခန့်ထားလိုရင် အဲဒီတရားသူကြီး အသက်ပြည့်ပြီး ပင်စင်မယူမချင်း မဖြစ်နိုင်တဲ့ အနေအထားမျိုးပါ။ ဒါကြောင့် တရားသူကြီးတွေကိုလည်း ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်လို၊ လွှတ်တော် သက်တမ်းအတိုင်းသာ ဖြစ်သင့်ပါတယ်။ ဒီအချက်တွေကို ပြောင်းလဲနိုင်စွမ်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အပေါ်မှာ မူတည်နေတာကြောင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ မပြင်နိုင်ဘူးဆိုရင် ဒီအကျပ်အတည်းကို ဘယ်လို ကျော်လွှားမလဲဆိုတဲ့ မေးခွန်း ရှိပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားစဉ်က ၂၀၀၈ ဖွဲ့စည်းပုံ တစုံလုံးအပေါ် အခြေခံပြီး စဉ်းစားရေးဆွဲခဲ့လို့ မအောင်မမြင် ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ တော့ တရားစီရင်ရေးအခန်းနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတခုတည်းအတွက် အခြေခံဥပဒေ ပြင်ဆင်မယ်ဆိုရင် တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိမ့်မယ်လို့ မယူဆတဲ့အတွက် ဥပဒေပြုရေးမဏ္ဍိုင်က ဒီကိစ္စအပေါ် ကြိုးပမ်းအားထုတ် ညှိနှိုင်း အဖြေရှာသင့်ပါတယ်။ နိဂုံး တကယ်တော့ တရားရေးမဏ္ဍိုင်မှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတာဟာ အကျင့်ပျက် တရားသူကြီးတချို့တွေသာမက တရားစီရင်ရေးစနစ်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ တရားရုံးဝန်ထမ်း၊ ဥပဒေဝန်ထမ်း၊ ရှေ့နေ၊ ရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေမှာလည်း တာဝန်ရှိပါတယ်။ ဒါပေမယ့် တရားရေးမဏ္ဍိုင် ပြန်လည် တည့်မတ်လာဖို့ ဆိုရင်တော့ တရားစီရင်ရေးယန္တရားထဲမှာ ရှိနေတဲ့သူတွေက အရင်ဦးဆုံး ပြုပြင်ဖို့ လိုပါတယ်။ တဖက်ကလည်း တရားစီရင်ရေးစနစ်ထဲက ဝန်ထမ်းတွေ ဂုဏ်သိက္ခာရှိရှိနှင့် ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို နိုင်ငံတော်က ပံ့ပိုးပေးဖို့လိုပါတယ်။ လစာကိစ္စကို ထည့်သွင်းမစဉ်းစားနိုင်သေးရင်တောင်မှ တရားရုံးတွေ ဥပဓိရုပ်ကောင်းလာစေဖို့၊ ရုံးသုံးပစ္စည်းကိရိယာတွေ လုံလောက်မှုရှိဖို့၊ မြို့နယ်အဆင့် တရားသူကြီးတွေအထိ နေအိမ်၊ ကားနဲ့ လိုအပ်တဲ့ အခြားထောက်ပံ့မှုတွေ ပေးထားနိုင်ရင် တရားရေးမဏ္ဍိုင် တည့်မတ်လာရေးအတွက် တစုံတရာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ တဖက်ကလည်း တရားသူကြီးတချို့ လာဘ်စားမှုပြဿနာဖြစ်လာရင် နုတ်ထွက်လိုက်ရုံမျှနဲ့ အမှုကိစ္စပြီးသွားတာ၊ နေရာပြောင်းရွှေ့ခြင်းဖြင့် အမှုပေါ့သွားခြင်းမျိုးကို ဟန့်တားနိုင်ဖို့အတွက် တရားသူကြီးတွေ မမှန်မကန်လုပ်ရင် ထိထိရောက်ရောက် အရေးယူ နိုင်တဲ့ ဥပဒေတရပ်ရပ် ပြဋ္ဌာန်းဖို့ လိုနေပါတယ်။ ခြုံပြောရရင်တော့ ဒီအချက်အလက်တွေ အားလုံးဟာ တရားရေးမဏ္ဍိုင် ပြန်လည်တည့်မတ်လာဖို့အတွက် အခြေခံအကြောင်းတရား ဖြစ်တယ်လို့ ယူဆပါတယ်။
5 years Ago
Up