တရားသူကြီး

A d v e r t i s e m e n t With Us

May 17, 2019

တရားသူကြီးနှင့် ရှေ့နေအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားသူကြီး  (ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး) ဒေါ်ရည်ရည်မွန်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ရုံးစောင့်/သန့်ရှင်းရေးဝန်ထမ်း ဦးရဲဝဏ္ဏတို့ကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။ ခင်ဦးမြို့နယ်တရားရုံးမှာ သစ်တောအမှုတခုနဲ့ အမှုရင်ဆိုင်နေစဉ် ငှားရမ်းခဲ့တဲ့ ရှေ့နေ ဒေါ်ဇာခြည်ဝင်းက တရားသူကြီးနဲ့ တရားရုံးဝန်ထမ်းတွေကို ပေးဖို့ဆိုပြီး တရားခံထံက ကျပ်ငွေ သိန်း ၃၀ ကျော်တောင်းခံရယူခဲ့ပေမယ့် အမှုရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး၊ အရေးယူပေးဖို့ တိုင်ကြားလာတာကို စုံစမ်းအရေးယူခဲ့တာလို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့က ထုတ်ပြန်ပါတယ်။ အမှုအမိန့်ချတဲ့နေ့မှာ တရားခံရှေ့နေ ဒေါ်ဇာခြည်ဝင်းဟာ မြို့နယ်တရားသူကြီးနဲ့ တရားရုံး ဝန်ထမ်းတွေကိုပေးဖို့ဆိုပြီး တရားခံရဲ့ မိခင်ထံက စုစုပေါင်းငွေကျပ် ၃၀၂၀၀၀၀ ကို တောင်းခံရယူခဲ့ကြောင်း၊ တရားသူကြီး ဒေါ်ရည်ရည်မွန်ဟာ ငွေကျပ် သိန်း ၂၀ ကို ရယူ အမိန့်ချခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ဒေါ်ရည်ရည်မွန်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ တရားခံရဲ့ မိခင်ထံက ငွေတောင်းခံရယူရာမှာ အားပေးကူညီခဲ့ကြတဲ့ ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ခင်ဦးမြို့နယ်တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့ကိုလည်း အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၆/၆၃ အရ အမှုဖွင့်ခဲ့ပါတယ်။ ဒါ့အပြင် ရုံးဝန်ထမ်း ဦးရဲဝဏ္ဏဟာ တရားရုံးမှာ အမှု စစ်ဆေးနေစဉ် ၂၀၁၇ ခုနှစ်အတွင်း တရားခံရဲ့ မိခင်ထံက အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတွေ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့  ဦးရဲဝဏ္ဏကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၇ အရ ထပ်ပြီး အမှုဖွင့်ခဲ့ပါတယ်။ ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏတို့ကိုတော့ ဖမ်းဆီးရရှိထားပြီး တရားသူကြီး ဒေါ်ရည်ရည်မွန်ကတော့ ထွက်ပြေးတိမ်းရှောင်နေလို့  အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2 years Ago

February 8, 2019

တရားသူကြီးများ တရားခွင်တွင် ကျမ်းကျိန်ရန် အမျိုးသားလွှတ်တော် အတည်ပြု

တရားသူကြီးတွေအနေနဲ့ တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုကြဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ပြည်သူတွေ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်စေဖို့ တရားသူကြီး၊ အမှုသည်နဲ့ သက်သေတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး တရားသူကြီးတွေဟာ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းကျိန်ပြီးဖြစ်တာကြောင့် မှတ်တမ်းအဖြစ်ထားဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြောပေမယ့် အဆိုရှင်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများလို့ အဆိုကို အတည်ပြုလိုက်တာပါ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က “အခုလို အဆိုကို လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်မဖြစ် ဆိုတာကတော့ တရားစီရင်ရေးအာဏာကို ကျင့်သုံးတဲ့သူတွေပေါ်မှာပဲ မူတည်တယ်။ တရားလွှတ်တော်ချုပ် အပိုင်းကနေ တခြားအပိုင်းတွေကနေ ထိန်းကျောင်းတာတွေလည်း လုပ်ဆောင်နေတယ်” လို့  ပြောပါတယ်။ လက်ရှိတရားခွင်တွေမှာ တရားသူကြီးတွေဟာ ကျမ်းကျိန်တာမရှိဘဲ အမှုတွေကို စီရင်နေတာ ဖြစ်ပါတယ်။ ဒီအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၄ ဦး ထောက်ခံဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်တာမှာလည်း ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၃ မဲ ရှိခဲ့ပါတယ်။
2 years Ago
More News
Up