တရားဝင်မညွှန်ကြာ

September 27, 2020

အပေါင်ဆိုင်များပိတ်ရန် တရားဝင်မညွှန်ကြားထားကြောင်း ရန်ကုန်ဒုမြို့တော်ဝန်ပြော

ရန်ကုန်မြို့မှာ အပေါင်ဆိုင်တွေပိတ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကရော ရန်ကုန်စည်ပင်ကရော တရားဝင်ညွှန်ကြား စာထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာပြီးနောက်ပိုင်း အပေါင်ဆိုင်တွေပိတ်လို့ အခြေခံပြည်သူတွေအတွက် အခက်အခဲရှိလာနေပါတယ်။ အလုပ်တွေ ရပ်နားတဲ့အတွက် ရှိတဲ့ပစ္စည်းကိုထုတ်ပေါင်ပြီး စားဝတ်နေရေးဖြေရှင်းဖို့ အပေါင်ဆိုင်တွေက အရေးကြီးတယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။ “ဆိုင်တွေပိတ်တာက သူတို့သဘောနဲ့ သူတို့ပိတ်တဲ့ဆိုင်တွေရှိတယ်။ တချို့မြို့နယ်တွေကလည်း မြို့နယ်ကိုဗစ်ကော်မတီက ပိတ်ခိုင်းတာတွေလည်း ရှိတယ်လို့ သတင်းကြားတယ်။ အပေါင်ဆိုင်တွေကို ပိတ်ခိုင်းတာလည်း ညွှန်ကြားချက်က မထွက်သေးဘူး။ လူတွေလည်း အလုပ်တွေမရှိကြတဲ့အခါ ရှိတဲ့တန်ဆာလေးထုတ်ပြီး ခဏ အပေါင်ဆိုင်မှာ ထားကြရတဲ့သဘောရှိမယ်။ ဒီကိစ္စတွေလည်း ကျနော်တို့ ပိတ်ဖို့ မညွှန်ကြားသေးဘူး။ ကျနော်တို့က ပိတ်ဖို့မပြောသေးပါဘူး။”  အခြေခံပြည်သူတွေကြားထဲမှာတော့ စားဝတ်နေရေးအတွက် ပိုက်ဆံလှည့်ဖို့ ခက်ခဲတာတွေရှိသလို ပစ္စည်းပေါင်ပြီး အချိန်တိုအတွင်းပြန်မရွေးနိုင်ပါက အပေါင်ဆုံးမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက “အပေါင်ဆိုင်တွေပိတ်လို့ အခက်အခဲဖြစ်တယ်ဆိုတာမျိုးတော့ ကျနော်တို့ဆီ သတင်းမတက်လာသေးဘူး။ အခုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ခွင့်ပြုတဲ့ဆိုင်တွေပဲ ဖွင့်ခိုင်းတာပေါ့လေ။ ဆိုင်တွေကိစ္စက စည်ပင်သာယာက လုပ်တာဗျ။ သူတို့ကိုမေး ကြည့်မှရမှာ” လို့ပြောပါတယ်။ အပေါင်ဆိုင်တွေဘက်ကတော့ ကိုဗစ်ကာလမှာ ဆိုင်စည်းကမ်းတွေအတိုင်း အတိအကျလုပ်တာမျိုး မဟုတ်ဘဲ အခြေခံပြည်သူတွေအတွက် ဖြေလျှော့တာတွေ လုပ်ပေးသင့်တယ်လို့ ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။ “တချို့ကလည်း ရောဂါဖြစ်လို့ပိတ်တာရှိတယ်။ တချို့ကလည်း ကြောက်ပြီးပိတ်တာရှိတယ်။ ဖွင့်ပါဆိုပြီး ကျနော်တို့ကလည်း သွားပြီးညွှန်ကြားလို့မရဘူးလေ။ ခက်တော့ခက်နေတယ်။ နည်းနည်းတော့ရှုပ်နေတယ်။ အပေါင်ဆိုင်တွေက တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေအတွက် ငဲ့ညှာဖို့ တော့ကောင်းတာပေါ့။ လေးလပြည့်လို့မှ လာမရွေးနိုင်ရင် ဆုံးပြီ ဒါမျိုးတော့မလုပ်သင့်ဘူးလေ။ ဒါက သူတို့အပေါ်မှာ မူတည်တာ။ ကျနော်တို့က ဥပဒေနဲ့သွားညွှန်ကြားလို့တော့မရဘူး။ အခက်အခဲတွေကတော့ အမျိုးမျိုးပါပဲ။” ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာပြီးနောက် စားသောက်ကုန်နဲ့ ဆေးဝါး အရောင်းဆိုင်တွေကိုပဲ တရားဝင်ဖွင့်လှစ်ခွင့်ပြုထားတာပါ။ စက်တင်ဘာ ဒုတိယအပတ်လောက်က စပြီး ရန်ကုန်မြို့တွင်းက ဆိုင်အတော်များများကတော့ ကျန်းမာရေးအရ ပိတ်သိမ်းကုန်ကြပါတယ်။
8 months Ago
Up