တရားဝင်နိုင်ငံရေးပါတီ

October 18, 2020

နှင်းဆီပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။  နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ပါတီကိုပါ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ နှင်းဆီပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ) (ဂ) (စ) တို့နဲ့ ငြိစွန်းတဲ့အတွက် ပယ်ဖျက်လိုက်တာလို့ ဖော်ပြပါတယ်။  နှင်းဆီပါတီက တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။  မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နှင်းဆီပါတီ UDP ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ တရားဝင် အထောက်အထား တစုံတရာမရှိတဲ့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။  နှင်းဆီပါတီကတော့ နိုင်ငံတကာထောက်ပံ့ငွေ ယူထားခြင်းမရှိကြောင်းနဲ့ မြန်မာကျော်ကုမ္ပဏီက ပါတီကို လှူဒါန်းငွေဟာ တရားဝင်ငွေဖြစ်ပြီး ဥပဒေနဲ့ ထူထောင်ထားတာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာထက်ဦးက ပြန်လည်တုံ့ပြန်ထားပါတယ်။
1 year Ago
Up