တရားဝင်

July 9, 2020

ထိုင်းတွင် လိင်တူခြင်း တရားဝင်လက်ထပ်ခွင့်ရတော့မည် 

ထိုင်းနိုင်ငံမှာ လိင်တူအချင်းချင်း ဘဝကြင်ဖော်အဖြစ် တရားဝင်လက်ထပ်ခွင့်ပြုမယ့် ဥပ ဒေကို ပြဋ္ဌာန်းဖို့ ထိုင်းအစိုးရဝန်ကြီးများအစည်းအဝေးက သဘောတူလိုက်ပါတယ်။  လူ့အခွင့်အရေး နဲ့ လူလူချင်း တန်းတူညီမျှမှုကို အလေးထားပြီး လိင်တူချင်း ဘဝကြင်ဖော် အဖြစ် နှစ်ဦးနှစ်ဘက်သဘောတူစာချုပ် ချုပ်နိုင်မယ့် ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက် အစိုးရဝန်ကြီးများအစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ ထိုင်းဝန်ကြီးများရုံးပြောရေးဆိုခွင့်ရှိသူ နန်းဆောင်ရာ့ချ်ဒါး ထနားဒီလက်က သတင်းထောက်တွေကို ပြောပါတယ်။   လိင်တူချင်း လက်ထပ်မယ့်စာချုပ် အခေါ်အဝေါ်ကိုတော့ သာမာန် အမျိုးသမီးနဲ့အမျိုးသား လက်ထပ်တဲ့ ထိမ်းမြားလက်ထပ်ခြင်းစာချုပ်လို့ မခေါ်ဆိုဘဲ ဘဝလက်တွဲဖော်စာချုပ်လို့သာ သုံး နှုန်းရမယ်လို့ ဆိုပါတယ်။  အဆိုပါပြဋ္ဌန်းချက်ထဲမှာ အချက် ၉ ချက်ပါဝင်ပြီး အဲဒီထဲမှာ အမျိုးသားချင်းဖြစ်စေ၊ အမျိုးသမီးချင်းဖြစ်စေ နှစ်ဦးနှစ်ဘက် တစ်သက်တာ ဘဝကြင်ဖော်အဖြစ် တရားဝင်လက်ထပ်နိုင်ကာ အဲဒီစုံတွဲဟာ အသက်အရွယ် ၁၇ နှစ်အထက် ရှိရမှာဖြစ်ပြီး နှစ်ဘက်လုံး ထိုင်းနိုင်ငံသား ဒါမှမဟုတ် တဘက်ဘက်က ထိုင်းနိုင်ငံသားဖြစ်ရမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ဘဝကြင်ဖော်အဖြစ် လက်မှတ်ထိုးဖို့ ကာယကံရှင်နဲ့ မိဘအုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်အပြင် တရားသူကြီးက မှန်ကန်သင့်လျော်မှုရှိမရှိ စစ်ဆေးပြီး သဘောတူညီချက် ပေးရမှာ ဖြစ်ပါတယ်။  ဘဝကြင်ဖော်အဖြစ် လက်မှတ်ရေးထိုးပြီးပါက တရားမမှုတွေမှာ တစ်ဦးကိုယ်စား တစ်ဦးက ရင်ဆိုင်ပြောဆိုခွင့်ရှိပြီး ညီမျှသောအမွေခွဲဝေခွင့်ရှိမှာဖြစ်ပါတယ်။  နှစ်ဦးသဘောတူ ကလေးမွေးစားခွင့်၊ အမွေစားအမွေခံ ဆက်ခံနိုင်ခွင့်ရှိပေမယ့် အငှါးကိုယ်ဝန်ဆောင်တာကိုတော့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။  ဘဝကြင်ဖော်အဖြစ် လက်မှတ်ထိုးမယ့် လိင်တူချစ်သူတွေမှာ တဘက်ဘက်က တပါးသူနဲ့ (အမျိုးသမီး ဒါမှမဟုတ် အမျိုးသားနဲ့) လက်ထပ်ထိမ်းမြားထားသူ မဖြစ်ရပါဘူး။ (ထပ်ဆင့်လက်ထပ်ခြင်းမပြုရပါဘူး)။ ဘဝကြင်ဖော်အဖြစ် လက်မှတ်ထိုးထားပြီး တဘက်ဘက်က ဖောက်ပြန်ကာ နော က်ထပ်အိမ်ထောင်ထပ်ပြုရင် ဖောက်ပြန်တဲ့သူက ကျန်ရစ်သူကို နစ်နာကြေးထောက်ပံ့ကြေးတွေ ပြန်ပေးရမှာ ဖြစ်ပါတယ်။  အဆိုပါ ဥပဒေကိုအတည်ပြုပြဌာန်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆယ်နှစ်ကျော် တောင်းဆိုခဲ့ပြီး အခုမှ ဝန်ကြီးများအစည်းအဝေးက သဘောတူလိုက်တာပါ ။  ဒါပေမယ့် အဆိုပါဥပဒေကို အတည်ပြုနိုင်ဖို့ ဝန်ကြီးများရုံးကနေ တရားရေးဌာန၊ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အစည်းအဝေးတွေမှာ ဆက်လက်တင်ပြရဦးမှာ ဖြစ်ပါတယ်။  ကိုးကား -  sanook.com
10 months Ago
Up