တရားလို

January 21, 2021

ဝါးခယ်မလယ်သမားများအမှု ရုံးချိန်း တရားလိုလာရောက်ခြင်း မရှိ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ လယ်သမား ၃၂ ယောက်ကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက် ဒုတိယအကြိမ်ရုံးချိန်းမှာ တရားလိုဘက်က လာရောက်ခြင်း မရှိလို့ ရုံးချိန်ပြန်ချိန်းဆိုထားပါတယ်။ တရားစွဲခံရသူ လယ်သမား ကိုမြတ်ခိုင်က "လယ်သမားတွေဘက်က အကုန်လုံးလာပေမဲ့ တရားစွဲတဲ့ တရားလိုဘက်က တာဝန်ရှိသူ တွေ မလာဘူး။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ပြန်ချိန်းဆိုပါတယ်''လို့ ပြောပါတယ်။ တရားရုံးက ခေါ်တဲ့အချိန်မှာ လယ်သမားတွေက အလုပ်တွေဖျက်ပြီးလာပေမဲ့ တာဝန်ရှိတွေဘက်က ရောက်မလာတဲ့အပေါ် အနိုင်ကျင့်သလို ခံစားရတယ်လို့ လယ်သမားတွေက ပြောပါတယ်။  ကျုံပဒုတ်ချောင်းဝကျေးရွာက အမှတ် ၄ စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့ လယ်သမားတွေက ရေရရှိရေးအတွက် အင်းလုပ်ငန်းဘက်ကအတားအဆီးတွေကို  ဒီဇင်ဘာ ၁၀ ရက်က ဖယ်ရှားခဲ့တာကြောင့် ထွေ/အုပ်က လယ်သမားတွေကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာပါ။ လယ်သမားတွေဘက်ကတော့ ပြစ်မှုကျူးလွန်ခဲ့တာမရှိကြောင်းနဲ့ ရေ ရရှိရေးအတွက်သာ ဆည်မြောင်းဌာနရဲ့ အမိန့်ထုတ်ပြန်ချက်အတိုင်း အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး လယ်သမားတွေက ဝါးခယ်မမြို့ရဲစခန်း၊ ငါးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ဆည်မြောင်းရုံးရှေ့တွေမှာ ဒီဇင်ဘာ ၂၃ ရက်က  လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ မင်းထက်မုန်း(ပုသိမ်)
4 months Ago

August 14, 2020

သရုပ်ဆောင်မင်းရာဇာအမှု တရားလိုဖြစ်သူကို အပြန်အလှန်မေးခွန်းမေးမြန်းစစ်ဆေး

ပုဒ်မ ၃၇၆ နဲ့ တရားစွဲခံထားရတဲ့  သရုပ်ဆောင်မင်းရာဇာအမှုမှ တရားလိုဖြစ်သူကို ဩဂုတ် ၁၄ ရက်က ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးမှာ အပြန်အလှန်မေးခွန်း မေးမြန်း စစ်ဆေးခဲ့ ပါတယ်။ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုပြုလုပ်တိုင်တန်းထားတဲ့ အိမ် အကူမိန်းကလေးရဲ့မိခင်ဖြစ်သူကို  စွပ်စွဲခံရသူဘက်က ပြန်လှန်မေးခွန်း စစ်ဆေးမေးမြန်းခဲ့တာပါ။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးရဲ့ အသက်အရွယ်နဲ့ပတ်သက်ပြီးလည်း စစ်ဆေး မေးမြန်းခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ ပြန်လှန်မေးခွန်းမေးပြီး ပြီးပြတ်အောင်မစစ်ဆေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုကို ပိုမို ကြန့်ကြာအောင် ဆောင်ရွက်သလိုဖြစ်နေတယ်လို့ တရားလိုဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဝေဖန်ပြောဆိုပါတယ်။  လာမယ့်အပတ်ရုံးချိန်းမှာလည်း တရားလိုကိုပဲ ဆက်လက်စစ်ဆေးမှာဖြစ်ကာ တရားလို ဒေါ်သင်းသင်းခိုင်ဟာ နယ်ကနေလာရတာဖြစ်တဲ့အတွက် စရိတ်စက ကုန်ကျမှုတွေ များပြား နေတယ်လို့ ဆိုပါတယ်။ အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးနေတဲ့ ပုဒ်မ ၃၇၆ အမှုမှာ တရားလိုပြသက်သေ ၁၆ ယောက်ရှိပြီး လက်ရှိ တရားလို ဒေါ်သင်းသင်းခိုင်ကို စစ်ဆေးနေတဲ့အဆင့်ဖြစ်ပါတယ်။  သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။  သရုပ်ဆောင်မင်းရာဇာမိသားစုဟာ အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာတွေရှိတယ်ဆိုပြီး  ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အိမ်အကူ မိန်းကလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။  
9 months Ago
More News
Up