တရားရေးဝန်ကြီးဟောင်း

June 19, 2020

မဲ၀ယ်မှုဖြင့် ဂျပန်တရားရေးဝန်ကြီးဟောင်း ဇနီးမောင်နှံ အဖမ်းခံရ

ဂျပန်တရားရေးဝန်ကြီးဟောင်းနဲ့ အောက်လွှတ်တော်အမတ်ဖြစ်သူ ခဝါအိ ခတ်ဆုယုခီ နဲ့ သူ့ရဲ့ဇနီး အထက်လွှတ်တော်အမတ် ခဝါအိ အန်းရီတို့ကို ၂၀၁၉ ခုနှစ် အထက်လွှတ်တော်ရွေး ကောက်ပွဲ မဲဆွယ်ကာလအတွင်း မဲဝယ်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဇွန်လ ၁၈ ရက်နေ့က တိုကျိုမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။ တရားရေးဝန်ကြီးဟောင်း ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သူ့ဇနီး မဲရရှိရေးအတွက် စည်းရုံးရေးရန်ပုံငွေထဲက ယန်း ၂၅ သန်း ကျော်ငွေသားတွေကို ဒေသခံ နိုင်ငံရေးသမားတွေနဲ့ မဲဆန္ဒရှင်ပြည်သူ ၉၆ ယောက်ကို လာဘ်ငွေပေးခဲ့တာ ပေါ်ပေါက်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဂျပန့်ပြည်သူဆိုင်ရာ အခြေခံဥပဒေအရ ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒနယ်ထဲက ပြည်သူတွေကို ငွေကြေး၊ လက်ဆောင်ပစ္စည်းတွေအပြင် ငွေကြေးနဲ့ညီမျှတဲ့ ဝန်ဆောင်မှုတွေ၊ ကိုယ့်ရဲ့ဓာတ်ပုံပါတဲ့ ပစ္စည်းတွေကို ပြန်လည် အခမဲ့လက်ဆောင်ပေးတာ၊ တန်ဖိုးချ ရောင်းချတာတွေ ကန့်သတ်တားမြစ်ထားပါတယ်။ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ခင်ပွန်းဖြစ်သူဟာ တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အပတ်စဉ်ထုတ် သတင်းစာတစောင်က အဲဒီ အရှုပ်တော်ပုံကို ဖွင့်ချခဲ့တဲ့အခါမှာ ၀န်ကြီး ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။  ၂၀၁၉ အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ၀န်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ပါတီ အတွင်းရေးမှူးတို့ပါ ခဝါအိ အန်းရီအတွက် ကိုယ်တိုင်လိုက်ပါ မဲဆွယ်ဟောပြောခဲ့တာတွေ လုပ်ခဲ့ပြီး စက်တင်ဘာလမှာ အစိုးရအဖွဲ့သစ် ပြန်ဖွဲ့ခဲ့တဲ့အခါ ဝန်ကြီးချုပ် အာဘေး မစ္စတာ ခဝါအိကို တရား‌ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။  အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၀င်တွေဖြစ်တဲ့ ဇနီးမောင်နှံဟာ ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် ပုံမှန်တဦးချင်းစီ ထုတ်ပေးငွေထက် ၁၀ ဆထက်ပိုသော ယန်းသန်း ၁၅၀ ကို ထုတ်ပေးခဲ့မှုလည်း ပေါ်ပေါက်လာခဲ့ပြီး အာဏာရပါတီနဲ့ အစိုးရကို ပြည်သူ့အခွန်တွေ သုံးစွဲမှုနဲ့ပတ်သက်ပြီး အတိုက်အခံ ပါတီနဲ့ ဂျပန်ပြည်သူတွေက ထောက်ပြ‌ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။ လူထုသဘောထားစစ်တမ်းတွေအရ လက်ရှိ ရှင်ဇိုအာဘေးအစိုးရအဖွဲ့ကို ထောက်ခံတဲ့နှုန်း အဆမတန်ကျဆင်းလာတာ တွေ့ရှိနေချိန်မှာ အခု ငွေကြေးအရှုပ်တော်ပုံအမှုနဲ့ ပတ်သတ်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သူ့မှာ တာ၀န်အပြည့်ရှိကြောင်း ဇွန် ၁၈ ရက်ညက သတင်းစာရှင်းပွဲမှာ ၀န်ခံတောင်းပန်သွားခဲ့ပါတယ်၊။ ဇော်ဇော်လှိုင်
1 year Ago
Up