တရားမျှတရေး

May 21, 2018

ဆူဟာတိုလက်ထက် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ တရားမျှတရေး ကြိုးစားနေရဆဲ

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ သမ္မတ ဆူဟာတိုကို ဖြုတ်ချတဲ့ ၁၉၉၈ နိုင်ငံရေး မငြိမ်သက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေဟာ အနှစ် ၂၀ ကြာတဲ့အထိ တရားမျှတမှုကိုရဖို့ ကြိုးစားနေရဆဲပါ။ အာရှရဲ့ ဘဏ္ဍာရေး အကျပ်အတည်းအတွင်း ဆိုင်ခန်းတွေ တိုက်ခိုက်ခံရပြီး လမ်းတွေပေါ်မှာ လူရမ်းကားတွေ သောင်းကျန်းခဲ့တာပါ။ ဒါကြောင့် မီးလောင် အဆောက်အဦတွေထဲမှာ ပိတ်မိနေခဲ့တဲ့ လူအယောက် ၁၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ “သေဆုံးသူ အများအပြားဟာ အင်ဒိုနီးရှားရဲ့ လူနည်းစုဝင် တရုတ်လူမျိုးတွေပါ။ သူတို့အတွက် အမှတ်တရတွေ မပျက်နိုင်သေးပါဘူး။ မီးရှို့မှုတွေရဲ့ နောက်ကွယ်က တရားခံ ဘယ်သူဆိုတာ မသိရသေးပါဘူး။ စစ်အာဏာရှင်လက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ သူတွေအတွက် ကြာသပတေးနေ့ စုရုံးပွဲကို မိသားစုဝင်တွေက ၂၀၀၇ မှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် အရင်ကထက်စာရင် အခုက အများကြီး ပိုကောင်းလာတယ်” လို့ အကြမ်းဖက်မှုဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ဂျကာတာမြို့တော် တရုတ်တန်းမှာ နေထိုင်သူ အသက် ၅၁ နှစ် အရွယ် တဒ်ဂျာက ပြောပါတယ်။ ဂျကာတာ ရှော့ပင်းမော မီးရှို့ခံရချိန်က မီးထဲပါသွားတယ်လို့ ယုံကြည်ရတဲ့ အသက် ၁၆ နှစ်အရွယ် သားငယ်ရဲ့ မိခင်ကတော့ အနှစ် ၂၀ ရှိပြီမို့ တကယ်စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ ဒီအရေးကို တရားစီရင်ပေးမယ်လို့ ကတိပေးခဲ့တဲ့ သမ္မတအားလုံးဟာ ကတိမတည်ခဲ့ဘူးလို့ အပတ်စဉ် ကြာသပတေးနေ့ စုရုံးပွဲကို စီစဉ်သူ မာရီယာ ကာတာရီနာ ဆူမာစီက ပြောပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ မကျေနပ်ချက်တွေကို တိုင်ကြားပေမယ့် မပြည့်စုံဘူးလို့ အင်ဒိုနီးရှား အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ အရေးအခင်းအတွင်း လိင်ပိုင်းစော်ကားခံရတယ်လို့ တရုတ်အမျိုးသမီးတွေက တိုင်ကြားပေမယ့် သက်သေမရှိဘူးလို့ ပြောပြီး တိုင်ကြားချက်ကို အာဏာပိုင်တွေက ပယ်ချခဲ့ပါတယ်။
3 years Ago
Up