တရားမ၀င်ရွှေတူးဖော်သည့် တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိ

December 2, 2017

တရားမ၀င်ရွှေတူးဖော်သည့် စက်ပစ္စည်းများ ပိုင်ရှင်မဲ့ ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ် တာလကျေးရွာအနီးက နမ့်လုံရေချောင်းအတွင်းမှာ တရားမ၀င် ရွှေတူးဖော်နေတဲ့ စက်ပစ္စည်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးခဲ့တယ်လို့ မိုင်းဖြတ်မြို့မရဲစခန်းက ပြောပါတယ်။ နမ့်လုံချောင်းတလျှောက် တရားမ၀င်တူးဖော်နေတဲ့ ရွှေမျှောဖောင်တွေကို သတင်းအရ အဖွဲ့စုံနဲ့ လိုက်လံစစ်ဆေးခဲ့တာဖြစ်ပြီး တာလကျေးရွာအနီးမှာ မြင်းကောင်ရေ ၂၅ ကောင်အားရှိတဲ့ တရုတ်အင်ဂျင်စက်အပါအ၀င် လေအိုး၊ ရေငုတ်ဝတ်စုံ၊ ရေထိုးပိုက်နဲ့ ရေစစ်ဇကာ ၅ ခုတို့ကို သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မိုင်းဖြတ်ရဲစခန်းစခန်း တာဝန်ရှိသူတဦးက "မနေ့ညနေက ဖမ်းဆီးမိခဲ့တာပါ။ ပစ္စည်းတွေပဲ သိမ်းဆည်းရမိပြီး ပိုင်ရှင်မဲ့ပါ။ အရင်တုန်းကတော့ ဖမ်းဆီးခဲ့တာတွေရှိပါတယ်။ အခုနှစ်အတွင်းမှာတော့ ဒါပထမဆုံးအကြိမ်ပါပဲ" လို့ ပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းက ရေချောင်းတွေမှာ ရွှေထွက်ရှိမှုတွေ ရှိတဲ့အတွက် တရားမ၀င် ရွှေမျှောဖောင်တွေနဲ့ တူးဖော်မှုဟာ မိုးအကုန် ပွင့်လင်းရာသီမှာ ပိုမိုများပြားလာလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တရားမ၀င်တူးဖော်တဲ့ ရွှေမျှောဖောင်အများစုဟာ တာလေမြို့နယ် နမ့်မွေချောင်း၊ မိုင်းဖြတ်မြို့နယ် နမ့်လုံချောင်း၊ မိုင်းယောင်းမြို့နယ်အတွင်းက ရေချောင်းတွေမှာ တူးဖော်လေ့ရှိပြီး ရွှေမျှောဖောင်အများဆုံးတူးဖော်တာတော့ တာလေမြို့နယ်အတွင်းမှာဖြစ်ပြီး ရွှေဖောင်ပေါင်း ၂၀၀ ကျော်ရှိတယ်လို့ တာလေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ (အန်အယ်လ်ဒီ) ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အခုဖမ်းဆီးရရှိတဲ့ ရွှေမျှောဖောင်ကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မိုင်းဖြတ်မြို့မရဲစခန်းက ပြောပါတယ်။ (ကိုဇက်၊ တာချီလိတ်)
4 years Ago

August 5, 2016

တရားမ၀င်ရွှေတူးဖော်သည့် တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိ

ကချင်ပြည်နယ် ကာမိုင်းမြို့နယ်  ဒွန်ဘန်-ရှဒူဇွပ်နယ်မြေမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် တရားမ၀င် ရွှေတူးဖော်တဲ့ တဖက်နိုင်ငံသား ၈ ဦးကို ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ ရှဒူဇွပ်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၂ ၇က်အတွင်း တရားမ၀င် ရွှေတူးဖော်လုပ်ငန်းတွေမှာသုံးတဲ့ ဘက်ဟိုးယာဉ် ၁၇ စီး၊ ၂၂ ဘီးတွဲယာဉ် ၃ စီး၊ ၁၀ ဘီးယာဉ် ၃ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ရွှေဖောင် ၁၃ ခုတို့ကို သိမ်းဆည်းရမိပြီး  တရားမ၀င်ရွှေတူးဖော်လုပ်ငန်း ဆောင်ရွက်နေတဲ့ တဖက်နိုင်ငံသား ၈ ဦးကိုလည်း ဖမ်းမိတာလို့ ဆိုပါတယ်။ ဒါ့အပြင် ရှဒူဇွပ်ကျေးရွာရဲ့  အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ တရားမ၀င် ရွှေတူးဖော်တဲ့နေရာ ပတ်ဝန်းကျင်မှာ သြဂုတ် ၃ ရက် မနက်က ကချင်လက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးဌာနက  ဗိုလ်မှူးကြီး နော်ဘိုကတော့ သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲမှာ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အစိုးရတပ်ကြား မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ အစိုးရတပ်ဟာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၁၄ နဲ့ နီးတဲ့ဘက်ကို ရောက်လာတာကြောင့် ထောင်ထားတဲ့ လုံခြုံရေးမိုင်းတွေ ပေါက်ကွဲပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - မြ၀တီ  
5 years Ago
Up