ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာလ ၁၉ ရက် မနက် ၁၀ နာရီ ကနေ မွန်းတည့် ၁၂ နာရီအထိ တရားမဝင် မျဉ်းဝင်းဆည်နဲ့ နဘဲ့ပါဓမင်း(ငါးဖမ်းကိရိယာ) တွေ ဖျက်သိမ်းပေးဖို့ ကျေးရွာအုပ်စု ၈ အုပ်စုက တောင်သူ ၈၀ ကျော် ဘုရားကြီးစုရပ်မှ မြို့နယ်ငါးဦးစီးရုံးအထိ စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ရေစီးရေလာရှိတဲ့ မုက္ခမှူချောင်း၊ ရဲကိုချောင်း၊ မုက္ခမှူတာဦးဘောရိုးမြောင်းအတွင်းက ဥပဒေနဲ့ မညီတဲ့ မျဉ်းဝင်းဆည်နဲ့ နဘဲ့ပါဓမင်း(ငါးဖမ်းကိရိယာ)တွေကို ဖျက်သိမ်းပေးစေဖို့ ရည်ရွယ်ပြီး ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြဦးဆောင်သူတဦးက ပြောပါတယ်။
“ကျနော်တို့ ဒီမုက္ခမှူချောင်း၊ ရဲကိုချောင်း၊ မုက္ခမှူတာဦးဘောရိုးမြောင်းတွေမှာ တရားမဝင် မျဉ်းဝင်းဆည်တွေ၊ နဘဲ့ပါဓမင်းတွေကို အင်းသူကြီးတွေက ပိတ်ဆို့ထားကြတယ်။ အဲဒီလို ပိတ်ဆို့ထားတာကြောင့် လယ်ထဲမှာ ရှိတဲ့ရေက ချောင်းမထဲ မဆင်းနိုင်တော့ဘဲ လယ်ထဲမှာ ရေတင်နေတယ်။ ရေတင်နေတာကြောင့် ကျနော်တို့ ရေကျနောက် စိုက်စပါး စိုက်ပျိုးရမယ့်အချိန် ရောက်နေပြီ။ စပါးမစိုက်နိုင်ဘူး။ ပဲသီးနှံချိန်လည်း မစိုက်နိုင်ဘူး။ အဲ့လိုပိတ်ထားတဲ့အတွက် လယ်မြေဧက ၂ သောင်းနီးပါး ရေနစ်မြှုပ်မှု ဒဏ်ခံနေရတယ်။ ဒါကြောင့် ကျနော်တို့ တောင်သူတွေ အခုလို ဆန္ဒပြရတာဖြစ်တယ်”လို့ ဦးဆောင်သူစောမျိုးမင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
‘ရေစီးရေလာရှိတဲ့ ရဲကိုချောင်းအတွင်း တရားမဝင် ပိတ်ဆို့ထားတဲ့ မျဉ်းဝင်းဆည်များ၊ နဘဲ့ပါဓမင်းများ ဖျက်သိမ်းပေးရေး’ ကြွေးကြော်သံတွေနဲ့ စုရပ်ဘုရားကြီးမှ မြို့နယ်ငါးဦးစီးရုံးအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နယ်ထဲမှာ တိုင်းဒေသကြီးအစိုးရရဲ့ တရားဝင်ခွင့်ပြုချက် ၆၇ အင်း ရှိတယ်လို့လည်း သိရပါတယ်။
သတင်း - နေလင်းထိုက်
4 years Ago