တရားမ၀င်ဆင်စွယ်

July 7, 2015

ဖမ်းမိ တရားမ၀င် ဆင်စွယ်များ ကွန်ဂိုမှ တင်ပို့ခြင်းဖြစ်ကြောင်း ထိုင်း ရှင်းလင်း

ထိုင်းအကောက်ခွန်ဌာနက ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးရမိတဲ့ တရားမ၀င် ဆင်စွယ်တွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၆ ရက်နေ့က  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းဘတ်ငွေ ၁၀ သန်း (အမေရိကန် ဒေါ်လာ ၃ သိန်းနီးပါး) တန်ဖိုးရှိတဲ့ ဆင်စွယ် ၁၀၂ ချောင်း ပြသခဲ့ပြီး အာဖရိကဒေသ ကွန်ဂိုနိုင်ငံကနေ စကျင်ကျောက် အချောထည်ဆိုပြီး တင်ပို့လာတာ ဖြစ်တယ်လို့ အကောက်ခွန် အာဏာပိုင်တွေက ပြောပါတယ်။ ပုံမှန်တော့ ဆင်စွယ်မှောင်ခိုလမ်းကြောင်းဟာ အာဖရိက ကနေ ထိုင်းကို တိုက်ရိုက်လာပြီး လာအိုနိုင်ငံကို သွားတာဖြစ်ပေမယ့် အခုနောက်ပိုင်း လမ်းကြောင်းပြောင်းလာတယ်လို့ ထိုင်းအကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ချန်ရိုရမ် ပိုရုပ်ဒ် (Chamroen Poeyot) က ပြောပါတယ်။ “အရင်က အာဖရိက ကနေ ထိုင်းကို တိုက်ရိုက်လာတာပါ။ အခုနောက်ပိုင်း ထိုင်းမှာ စစ်ဆေးဖမ်းဆီးမှုတွေ များလာတော့ ထိုင်းနိုင်ငံကို တိုက်ရိုက်မ၀င်တော့ဘဲ တခြားနိုင်ငံတွေကနေတဆင့် လှည့်ဝင်နေပါတယ်။” ဒီဆင်စွယ်တွေ ဘယ်ကလာတယ်၊ ပိုင်ရှင်တွေက ဘယ်သူဘယ်ဝါ ဆိုတာတွေကို ဒီအန်အေနဲ့ စစ်ဆေးသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အခုနှစ်ထဲမှာပဲ ထိုင်းနိုင်ငံမှာ တရားမ၀င်ဆင်စွယ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ဖိုး ဖမ်းဆီး သိမ်းဆည်းရမိပြီလို့ ပြောပါတယ်။ ထိုင်းနိုင်ငံဟာ တရားမ၀င် ဆင်စွယ်ရောင်းဝယ်ရေးကို ကြပ်ကြပ်မတ်မတ် မတားဆီးရင် အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုပြီး မျိုးတုန်းပျောက်ကွယ်လု မျိုးစိတ်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှု အဖွဲ့ကြီးက အခုနှစ်ဆန်းပိုင်းမှာ သတိပေးထားပါတယ်။ ဒါကြောင့် ဇန်န၀ါရီလမှာ ဥပဒေတွေ ထုတ်ပြန်ခဲ့ပြီး အာဖရိက ဆင်စွယ်တွေ တရားမ၀င် ရောင်းဝယ်ပိုင်ဆိုင်မှုတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီဆင်စွယ်တွေကို ထိုင်းနိုင်ငံမှာ အချောထည်ပြုလုပ်ပြီး ဆင်စွယ် ဈေးကွက်ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ပြန်တင်ပို့တာ ဖြစ်ပါတယ်။
6 years Ago
Up