တရားမ၀င်

July 19, 2019

တရားမ၀င် e Book လင့်ခ်များကို ဖြုတ်ချရန် သတိပေး

အွန်လိုင်းပေါ်မှာ တရားမ၀င်တင်ထားတဲ့ e Book လင့်ခ် စာမျက်နှာ ၁၈၀ ကျော်ကို ဖြုတ်ချပေးဖို့နဲ့  မဖြုတ်ချရင် အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက သတိပေးကြေညာလိုက်ပါတယ်။ စာပေရေးသားဖန်တီးသူတွေနဲ့ ထုတ်ဝေသူတွေရဲ့ တရားဝင်ခွင့်ပြုချက် မရယူထားဘဲ အွန်လိုင်း ၀က်ဆိုက်တွေ၊ ဘလော့ဂ်တွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ စာအုပ်တွေ ဒေါင်းလုပ် ရယူနိုင်ဖို့ e Book လင့်ခ်တွေ ၊ မိုဘိုင်း အပလီကေးရှင်းတွေ၊ memory stick တွေနဲ့ အခမဲ့ ရော၊ အခပေးစနစ်နဲ့ပါ  ဖြန့်ဝေ ရောင်းချနေတာ တွေ့ရတယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ စာအုပ်ထုတ်ဝေရေးလောက ကျဆင်းရခြင်းရဲ့ အကြောင်းရင်း တရပ်ဖြစ်တဲ့အပြင်  စာပေအနုပညာဖန်တီးထုတ်လုပ်သူတွေရဲ့ ဉာဏမူပိုင်ခွင့်နှင့် အကျိုးခံစားခွင့်တွေကို လျစ်လျူရှု ဂရုမပြုရာ ရောက်နေတယ်လို့လည်း စာပေးထုတ်ဝေးသူနှင့် ဖြန့်ချိသူများအသင်းက ဆိုပါတယ်။ ဒါကြောင့် e Book လင့်ခ် တင်ထားတဲ့ အကောင့်ပိုင်ရှင်တွေအနေနဲ့ လင့်ခ်တွေကို အချိန်မီ ဖြုတ်ချပေးဖို့နဲ့ ထပ်မံတွေ့ရှိပါက စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေအပါအ၀င် တခြားတည်ဆဲ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2 years Ago

November 17, 2018

တရားမ၀င် အလှူခံနေသည့် တရုတ်ဘုန်းကြီး ၂ ပါးကို အမြန်ဆုံးပြန်ရန် ၀န်ခံကတိထိုးခိုင်း

တရားမဝင် အလှူခံနေတဲ့ တရုတ်နိုင်ငံသားဘုန်းကြီး ၂ ပါးကို ဆက်လက်အလှူမခံဖို့နဲ့ မိမိနိုင်ငံကို အမြန်ဆုံးပြန်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် BKK ဈေးဝယ်စင်တာရှေ့မှာ တရုတ်ဘုန်းကြီး ၂ ပါး အလှူခံနေတာတွေ့လို့ ရဲစခန်းကို ခေါ်ယူ စစ်မေးခဲ့ပါတယ်။ သူတို့ဟာ အလည်အပတ်ဗီဇာနဲ့ လွန်ခဲ့တဲ့ ၂ ပတ်က မြန်မာနိုင်ငံကို လေယာဉ်နဲ့ ရောက်ရှိလာပြီး လသာမြို့နယ်က ဟိုတယ်မှာ တည်းခိုတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ နေရာတွေမှာ အလှူခံရတာနဲ့ နေထိုင်စားသောက်နေပြီး လကုန်ရက်မှာ  တရုတ်နိုင်ငံကို ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက် သူတို့ကို သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်ပြီး မြို့နယ်သံဃ မဟာနာယကအဖွဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဦးစီးတဲ့အဖွဲ့က စစ်မေးပြီး မြန်မာနိုင်ငံထဲမှာ တရားမဝင် အလှူခံတာ မလုပ်ဖို့၊ မိမိနိုင်ငံကို အမြန်ဆုံးပြန်ဖို့ ပြောဆိုပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အင်တာနက်စာမျက်နှာတွေမှာ သင်္ကန်းဝတ်ဆင်ထားတဲ့ တရုတ်လူမျိုးတွေ ရန်ကုန်မြို့တွင်းမှာ လှည့်လည်သွားလာရင်း လမ်းသွားလမ်းလာတွေကို ပုတီးတွေပေးပြီး အလှူငွေ တောင်းခံနေတာ၊ ကားပေါ်မှာ သင်္ကန်းလဲလှယ်နေတာတွေကို ဗွီဒီယို၊ ဓာတ်ပုံတွေနဲ့ ဖော်ပြထားခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-Kyaw Htet Htet Naing
2 years Ago
More News
Up