တရားမဲ့ပြုကျင့်မှု‌များ

January 14, 2022

မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုဖြင့် လူပေါင်း ၄၀၀ ကျော်ကို အမှုဖွင့်ထားဟု စစ်ကောင်စီကော်မရှင် ပြော

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လူပေါင်း ၄၀၀ ကျော်ကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  ဇန်ဝါရီ ၁၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှု၊ တရားမဲ့ပြုကျင့်တာမှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အမှုဖွင့်အရေးယူနေတာလို့ ပြောပါတယ်။ ဒါ့အပြင် ဆက်လက် စိစစ်အရေးယူဦးမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ အားနည်းခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က တာဝန်ရှိသူပေါင်း ၂၄၈၃ ယောက်ကိုလည်း အရေးယူဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အမှုပေါင်း ၁၀၇၇ မှုဖြစ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခဲ့တာ ၅၄၆ မှု၊ တရားစွဲတာ ၃၄၂ မှုနဲ့ ပိတ်သိမ်းခဲ့တာ ၁၉၄ မှုရှိတယ်လို့ သူက ပြောပါတယ်။ ၁၀ မှုကတော့ ဥပဒေအကြံတောင်းထားတုန်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ အမည်တူ မဲပေးသူပေါင်း ၂၀၀၀ ကျော်ကို အရေးယူဖို့ တိုင်ကြားထားပြီး ဆက်လက်စစ်ဆေးနေတုန်းပဲလို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်၊ မဲမသမာမှုရှိတယ်ဆိုတဲ့  အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းထားတာဖြစ်ပြီး  အာဏာသိမ်းကာလ ၁ နှစ်နီးပါးကြာတဲ့အထိ  ရွေးကောက်ပွဲ ရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ မဲမသမာမှု တခုမှ သက်သေအထောက်အထား ပြနိုင်ခြင်း မရှိပါဘူး။

1 week Ago

October 17, 2020

ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု‌များကို ထိရောက်စွာအရေးယူရန် သမ္မတရုံး ထုတ်ပြန်

ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေကို တည်ဆဲဥပဒေ‌တွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့နဲ့ ‌နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးတွေကို အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာ၊ အသွင်အမျိုးမျိုးနဲ့ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး စည်းရုံးတာ၊ ဆူပူမှုဖြစ်အောင် ဖန်တီးတာ၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်တာ စတဲ့ တရားမဲ့ပြုကျင့်မှုတွေကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  အဲဒီလို တရားမဲ့ပြုကျင့်မှုတွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်‌ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ အဲဒီလက်အောက်က ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာအရေးယူဖို့ တိုက်တွန်းထားပါတယ်။  နိုင်ငံရေးပါတီတွေအနေနဲ့လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့လိုသလို ကိုယ်စားလှယ်လောင်းတွေကလည်း သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေနဲ့နည်းဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ရမယ်လို့လည်း ပါရှိပါတယ်။  ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားပါတယ်။ သတင်း - လွင်မိုးအောင်
1 year Ago
Up