.တရားမဝင်

February 5, 2021

ကန်ကျနပူရီတွင် ခြေကျင်လျှောက်ပြီး တရားမဝင် ဝင်လာသည့် မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တော လမ်းကနေ ခြေကျင်လျှောက်ပြီး  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်း ဆီးခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီကျော်က ဆန်ခလပူရီမြို့နယ် နောင်လူး ကျေးရွာအုပ်စု ဘုရားသုံးဆူရွာဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့သူတွေရှိကြောင်း သတင်း ပေးပို့ချက်ရတဲ့အတွက် အမှတ် ၁၉ လက်အောက်ခံ တပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ်တွေပါတဲ့ အဖွဲ့ဟာ မသင်္ကာတဲ့နေရာတွေကို လိုက်လံစစ်ဆေးခဲ့ကြတယ်လို့ အမှတ် ၁၉ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆစိထိဖုန်းကျုလဘန်းက သတင်းထောက်တွေကို ပြောပါတယ်။

ည ၈ နာရီလောက်မှာတော့ ဆန်ခလပူရီမြို့နယ် လိုက်အွဲ့ကျေးရွာအနီးရှိ  အမှိုက်ကျင်းနားမှာ အထုပ်အပိုးတွေနဲ့ ပုန်းခိုနေတဲ့ လူတွေတွေ တွေ့ရကြောင်း ၊ မြန်မာအမျိုးသား ၂၄ ဦး နဲ့ အမျိုးသမီး ၃ ဦးတို့ဖြစ်ကာ တာဝန်ရှိသူတွေက စစ်ဆေးရာမှာတော့ အထောက်အထား တစုံတရာမရှိဘဲ တောလမ်းကနေ လမ်းလျှောက်လာခဲ့တာလို့ ဆိုပါတယ် ။ 

သူတို့ထဲမှာ  ရေးမြို့နယ်ကလာသူ အယောက် ၂၀ နဲ့ မော်လမြိုင်ကလာသူ ၇ ယောက်ရှိပြီး လက်ရှိထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေကို လက်မှတ်လုပ်ပေးနေတယ်ကြားလို့ ပွဲစားနဲ့ အဆက်သွယ်လုပ်ပြီး ဝင်လာတာဖြစ်ကြောင်း ၊  ပြီးရင် ကန်ကျနပူရီ ၊ ရာ့ချ်ပူရီနဲ့ နခွန်းပထုန် ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး လာခေါ်မယ့်ကားကို စောင့်ဆိုင်းနေစဉ် အခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို နိုင်ငံထဲတရားမဝင် ဝင်ရောက်မှု ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး ဥပဒေချိုးဖောက်မှုတွေနဲ့အရေးယူဖို့ ရဲစခန်းမှာ ချုပ်ထားပြီး ပါဝင်ပတ်သက်တဲ့သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ် ။ 

ထိုင်းနိုင်ငံမှာ ၂၀၂၁ ဇန်နဝါရီလ ၁ ရက်ကနေ ၂၅ ရက်အထိ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူပေါင်း ၂၆၆ ယောက်ရှိပြီး တရားမဝင်သူတွေ ဝင်လာနိုင်အောင် ကူညီပံ့ပိုးပေးသူ ၁၆ ယောက်နဲ့ ခိုလှုံခွင့်ပေးသူ ၆၂ ယောက်တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

နန်းမြနဒီ 

2 years Ago
Up