တရားမဝင် ကား၊ ဆိုင်ကယ်

June 1, 2021

မြန်မာနိုင်ငံဘက်သို့ တရားမဝင်ပို့ဆောင်မည့် ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို တရားမဝင်ပို့ဆောင်မယ့် ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို ထိုင်းအာဏာပိုင်တွေနဲ့ လုံခြုံရေးအဖွဲ့တွေ ကင်းလှည့်ချိန် မေလ ၃၁ ရက် မနက် ၆ နာရီလောက်က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သဘာဝဂိတ်ပေါက်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဖုန်ဖရမြို့နယ် ဝေါ်လေမြိုင် သောင်ရင်းမြစ်ကို ဖြတ်ကျော်သွားပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဘက်ကို ကူးလာမယ့် မော်တော်ကား ၂ စီး မော်တော်ဆိုင်ကယ် ၈ စီးနဲ့အတူ မောင်းနှင်သူတွေကိုပါ ထိုင်းစစ်တပ်၊ ထိုင်းရဲ၊ မြို့နယ်လုံခြုံရေးအဖွဲ့နဲ့ အခွန်ဌာနတို့က ပူးပေါင်း ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၆ ဦးနဲ့  မြန်မာနိုင်ငံသား ၇ ဦးတို့ကို ဖုတ်ဖရမြို့မရဲစခန်းက ဖုတ်ဖရမြို့ဆေးရုံကို ပို့ဆောင်လိုက်ပြီး ကိုဗစ်-၁၉ စစ်ဆေးပြီးမှ ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့  ဆိုပါတယ်။

8 months Ago
Up