ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်အလုပ်လုပ်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ၄ နိုင်ငံက အလုပ်သမားတွေအနေနဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထားလုပ်ဖို့ လမ်းညွှန်ချက်တွေကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က ဇူလိုင်လ ၉ ရက်က ထုတ်ပြန်ပါတယ်။
အဆိုပါလမ်းညွှန်ချက်အရ အလုပ်ရှင်တွေဟာ မိမိအလုပ်သမားရဲ့ အမည်နဲ့ မျက်နှာ ထင်ရှားတဲ့ ဓာတ်ပုံကို သက်ဆိုင်ရာခရိုင်/နယ်မြေ အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ ၁၅ ရက် အတွင်း အမည်စာရင်းပေးထားရမှာ ဖြစ်ပါတယ်။
အဲဒီနောက် မှတ်ပုံတင်ခ ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ခွင့် (Work Permit) ဘတ် ၉၀၀ တို့ကို Krungthai Bank မှာသွင်းပြီး ဝန်ထမ်းက ပြေစာဖြတ်ပိုင်းနဲ့ QR ကုတ်ကို ထုတ်ပေးပါမှာဖြစ်ပြီး အလုပ်သမားကတ်မရသေးခင်ကာလ အဆိုပါဖြတ်ပိုင်းကို အသုံးပြုရမှာပါ။
အဆိုပါ ပြေစာဖြတ်ပိုင်း QR ကုတ်နဲ့ နောက်ထပ် လူမှုဖူလှုံရေးအာမခံ လုပ်ရပါမယ်၊ လူမှုဖူလုံရေး အာမခံလုပ်လို့မရသေးတဲ့ လုပ်ငန်းအမျိုးအစားဆိုရင်တော့ ကျန်းမာရေးဌာန ဒါမှမဟုတ် ကျန်းမာရေးအာမခံပုဂ္ဂလိကကုမ္ပဏီတွေထံမှာ ကျန်းမာရေးအာမခံကတ် လုပ်ထားရပါမယ်။ မလုပ်ခင်မှာ တားမြစ်ထားသောရောဂါ ၆ မျိုး အစစ်ဆေးခံရမှာဖြစ်ပြီး အဲဒီနောက် အလုပ်ရှင်က မိမိအလုပ်သမားကို ခေါ်ယူပြီး အုပ်ချုပ်ရေးရုံးမှာ ကိုယ်ရေးရာဇဝင်တင်သွင်းကာ ပန်းရောင်ကတ်ပြု လုပ်ရမှာ ဖြစ်ပါတယ်။
အဆိုပါအချက်ဆောင်ရွက်ထားပြီးသူတွေဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ (နောက်ထပ် ၂ နှစ်) ဆက်လက် လုပ်ကိုင်နေထိုင်သွားလိုပါက နေထိုင်ခွင့်သက်တမ်းမကုန်မီ ရက်ပေါင်း ၁၂၀ အတွင်း ဗီဇာ တံဆိပ်တုံး ကြိုထုထားပြီး နေထိုင်ခွင့်သက်တမ်း တိုးရပါမယ်၊ တစ်နှစ် ၁ ကြိမ် နဲ့ စုစုပေါင်း ၂ ကြိမ် သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ ဒီအုပ်စုထဲက လူတွေဟာ ၁၂၀,၀၀၀ ကျော်ရှိမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
ဒီမတိုင်ခင်က နေထိုင်ခွင့်အထောက်အထား မှတ်ပုံတင်ထားပြီးသူတွေဟာလည်း လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်မှာ အလုပ်လုပ်ခွင့်သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ နေထိုင်ခွင့်ဗီဇာကတော့ ဒီနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ သက်တမ်းကုန်မှာပါ။
ဒါကြောင့် သူတို့ဟာလည်း နောက် ၂ နှစ် ဆက်လက်နေထိုင်လုပ်ကိုင်လိုပါက ရက်ပေါင်း ၁၂၀ အတွင်း နေခွင့်သက်တမ်းမကုန်ခင် ဗီဇာတံဆိပ်တုံး ကြိုတင်ထုထားပြီး အလုပ်လုပ်ခွင့် (Work Permit) တနှစ်တခါနဲ့ နှစ်ကြိမ်သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ သက်တမ်းတိုးပြီးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ အလုပ် လုပ်ကိုင်ခွင့်ရှိပါတယ်။
လမ်းညွှန်ချက်တွေနဲ့ပတ်သက်လို့ နားမလည်တာရှိရင် သက်ဆိုင်ရာခရိုင် အလုပ်သမားရှာဖွေရေးရုံး၊ ဘန်ကောက်မှာဆိုရင် နယ်မြေ ၁ မှ ၁၀ ထိ ခရိုင်အလုပ်သမားရုံး ဒါမှမဟုတ် အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ လိုင်းခွဲ ၂ ဒါမှမဟုတ် အလုပ်သမားရှာ ဖွေခန့်ထားရေးဦးစီးဌာန အရေးပေါ်ဖုန်းလိုင်း ၁၆၉၄ ကို ဆက်သွယ်နိုင်ပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရိခန်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေ လက်ခံထားတဲ့ ပွဲစားဂိုဏ်းကို ဖမ်းမိကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက် နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ပရကျူတ်ခီရီခန်ခရိုင် ပရန်းပူရီမြို့နယ် ဝမ်းကဖုန်းအုပ်စု ရပ်ကွက် ၃ ထဲက အိမ်တစ်အိမ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို တတိယနေရာသို့မပို့ဆောင်မီ လက်ခံထား ရှိ နေကြောင်း သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက အရပ်ဝတ်နဲ့ အဆိုပါအိမ် အနီးတဝိုက်က နေပြီး စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခါမှာ ထိုင်းစကားမဟုတ်တဲ့ ဘာသာခြားစကားနဲ့ပြောဆိုနေသူတွေ ဝင်ထွက်နေတာတွေ့ရှိပြီး အိမ်ထဲကို ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်နေထိုင်သူ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦး ( ကျား ၃+ မ ၂ ) နဲ့ မြန်မာအမျိုးသမီး ၁ ဦးတို့ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ ထိုင်းနိုင်ငံဘန်ကောက်၊ ဖူးကက် နဲ့ စူရတ်ဌာနီခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့အတွက် လာခေါ်မယ့်သူကို စောင့်ဆိုင်းဖို့ အသိမိတ်ဆွေ တစ်ယောက်က လာပို့ထားတာဖြစ်ကြောင်း ၊ သူတို့ဟာ မိခင်နိုင်ငံကနေ ထိုင်းမှာအလုပ်လာလုပ်ဖို့ အတွက် ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၈၀၀၀ ကျပေးရပြီး သူကတော့ အိမ်မှာလက်ခံထားခ တစ်ဦးလျှင် ဘတ် ၁၅၀၀ စီသာရတယ်လို့ အိမ်ရှင်က ပြောပါတယ်။
ရဲတပ်ဖွဲ့က အိမ်ရှင်ကို တရားမဝင်ဝင်ရောက်လာသူများအား ကာကွယ်ထားမှု၊ ခိုလှုံခွင့်ပေးမှုတွေနဲ့ အရေးယူထားပြီး အဆိုပါနိုင်ငံခြားသား ၆ ဦးကိုလည်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူကာ ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ ထိုင်းလဝက ရဲတပ်ဖွဲ့က နောက်ထပ်အမှုပေါင်း ၃ မှုကိုပါ သတင်းစာရှင်းပွဲမှာ ထည့်ပြောပါတယ်။ အဆိုပါအမှုတွေမှာ - အလှူအတန်းလုပ်မယ်လို့ ပြောပြီး djporn ဆိုတဲ့အကောင့်ကနေ ပစ္စည်းလိမ်လည်ရောင်းချသူ ထိုင်းအမျိုးသား ၁ ဦးကို ဖမ်းမိတဲ့အမှု၊ အဆိုပါအမှုမှာ အလိမ်ခံရသူ လူ ၁၀၀ ကျော်ရှိပြီး ဆုံးရှုံးမှု ဘတ်ငွေ ၁ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
နောက်တစ်မှုမှာ မိမိကိုယ်မိမိဒေသတွင်း အာဏာရှိနိုင်ငံရေးပါတီကလို့ဆိုတဲ့ ထိုင်းအမျိုးသား ၁ ဦးဟာ ရွှေ့ပြောင်းအလုပ်သမားတွေဆီက ငွေယူပြီး ထိုင်းနိုင်ငံသားကူးပြောင်းပေးမယ်လို့ လိမ်လည်မှု ၊ အဆိုပါအမှုမှာ ရွှေ့ပြောင်းလုပ်သား ၃ ဦးမှ ဘတ်ငွေ ၂ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။
နောက်ထပ်တစ်မှုကတော့ မလေးရှားနိုင်ငံ ကာစီနိုရုံတစ်ခုကနေ ထိုင်းကို တရားမဝင် ဝင်ရောက်လာပြီး ကျန်ထပူရီခရိုင်မှာ အွန်လိုင်းလောင်းကစားလုပ်နေသူ ၂ ဦးနဲ့ အိုဗာ စတေးဖြစ်နေသူ မလေးရှားနိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးရမိတဲ့ အမှုတွေ ဖြစ်ပါတယ်။
ကိုးကား- NAEWNA