တရားမဝင်ကုန်ပစ္စည်း

January 19, 2023

တနှစ်အတွင်း တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ငွေကျပ် ၆၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တနှစ်အတွင်းမှာ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု တန်ဖိုးက ငွေကျပ် ၆၅ ဘီလီယံရှိပြီး မနှစ် ကာလတူထက် ၅၆ ဘီလီယံကျော် ပိုများခဲ့တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညိုနှိုင်း အစည်းအဝေးမှာ  အဲဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်တာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ တနှစ်အတွင်းမှာတော့ တရားမဝင် ကုန်ပစ္စည်း တန်ဖိုး ငွေကျပ် ၈ ဒသမ ၄၅၉ ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့  တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုက ၆၅ ဒသမ ၀၅၆ ဘီလီယံရှိလာတာဖြစ်လို့  ၈ ဆကျော် ပိုများခဲ့တယ်လို့ သိရပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကို အရင်က ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ စစ်ဆေးရေးစခန်းတွေမှာပဲ စစ်ဆေးဖမ်းဆီးရာကနေ နောက်ပိုင်းမှာ ကုန်သွယ်မှုလမ်းကြောင်း မဟုတ်တဲ့ ကုန်ပစ္စည်းသိုလှောင်ရုံတွေ၊ အဆောက်အဦတွေကိုပါ သတင်းရယူပြီး ဝင်ရောက်စစ်ဆေး ဖမ်းဆီတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးရရှိမှုတွေ တိုးတက်လာတာ ဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေမှာ တာဝန်ကျဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုမရှိဖို့၊ လာဘ်ပေးလာဘ်ယူကိစ္စ မလုပ်ဖို့ သတိပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတွေကို အခကြေးငွေရယူပြီး လက်ခံဆောင်ရွက်ပေးနေတဲ့ တရားမဝင်ဂိတ်တွေကို လျှော့ချ ဖျက်သိမ်းမှာဖြစ်ပြီး တရားဝင် ဝင်/ထွက်ပေါက်တွေကို ပိုတိုးချဲ့ဖွင့်လှစ်ဖို့ လုပ်ဆောင်မယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုမှာ သွင်းကုန်တွေကို ပို့ကုန်ကရရှိတဲ့ ဝင်ငွေ ဒါမှမဟုတ် တခြားဝင်ငွေ ဝင်ရောက်မှုတွေအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ပြီးနောက်မှာ သွင်းကုန်လိုင်စင် လျှောက်ထားမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။

ဒါပေမဲ့ ချစ်ကြည်ရေးတံတားကတဆင့် မြဝတီမြို့ကို ဝင်ရောက်နေတဲ့ သွင်းကုန် ကုန်တင်ယာဉ် အရေအတွက်အနေနဲ့ သိသိသာသာ ကျဆင်းသွားခြင်း မရှိတာ‌ကြောင့် ဒါဟာ ကုန်စည်တွေ တရားမဝင်နည်းလမ်းကနေ ဆက်လက်ဝင်ရောက်နေတာဖြစ်တယ်လို့လည်း ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

PHOTO-MOI

2 months Ago

October 22, 2020

ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့သည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့တာကြောင့် ဖမ်းမိတဲ့ စက်လှေသမား ၁၅ ဦးအနက် ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မောင်တော မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်ရဲက ပြောပါတယ်။ "ဟုတ်ပါတယ်။ ငါးခြောက်တွေနဲ့ဖမ်းတဲ မော်တော်တစ်စီးက ဖမ်းမိတဲ့ မော်တော်ဘုတ်က ၉ ဦးနဲ့ အခြားကုန်တွေနဲ့ဖမ်းနိတဲ့ မော်တော်တစ်စီးက မော်တော်ဘုတ်သမား ၆ ဦးကိုစစ်ဆေးတာ ၃ ဦးမှာ Positive တွေတယ်။ သူတို့ကိုတော့ ဆေးရုံတင်ထားတယ်။" ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို တရားမဝင်ကုန်ပစ္စည်း တင်ပို့တဲ့ မော်တော်ဘုတ် ၂ စီးအား အောက်တို့ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နတ်မြစ်အတွင်း အသီးသီး ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းမိတဲ့ စက်လှေသမား ၁၅ ဦးအား မောင်တောခရိုင်ကျန်မာရေးဦးစီးဌာနက Rapid test kit နဲ့ အောက်တိုဘာ ၂၁ ရက်နေ့က စစ်ဆေးရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိခဲ့တာလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။ မောင်တောမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၂၂၀ ဦးရှိပြီး ဆေးရုံးမှဆင်းခွင့်ရရှိသူက ၁၇၂ ဦးရှိတယ်လို့ မောင်တောမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ သတင်း - လင်းလက်
2 years Ago
Up