တရားမဝင်

April 27, 2021

ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၅၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိင်ငံသား ၅၂ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်မှုကာကွယ်ရေး နဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နယ်ခြားစောင့်တပ်နဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကန်ကျနပူရီခရိုင် ကျန်ကျနပူရီ၊ ဆန်ခလပူရီ၊ ထောင်းဖာဖူး၊ ဆိုင်းယုတ်၊ ဖူးနမ့်ရွန်၊ ဘန့်ကောင် နဲ့ ဘုရားသုံးဆူ ဘက်မှာ နယ်လှည့်စစ်ဆေးရေးနေတာလို့ ဆိုပါတယ်။ 

ဧပြီ ၂၆ ရက် ညနေပိုင်းမှာတော့ ဆိုင်းယုတ်မြို့နယ် ဆီရီမုံးခုံးအုပ်စု နောင်ပရာ ရှူးကျေးရွာရှိ တောတောင်ထဲမှာ မသင်္ကာဖွယ်လူတွေ ရောက်ရှိနေကြောင်း သတင်းပေးချက်ရတဲ့အတွက် တာဝန်ရှိသူတွေက နာရီအတော်ကြာတောနင်းရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ညနေ ၃ နာရီလောက်မှာတော့ တောထဲပုန်းအောင်းနေသူတွေကို ခေါ်ထုတ်လာရာမှာ ကျား ၂၉ ဦး၊ မ ၂၃ ဦး နဲ့ သူတို့ထဲမှာ အသက်မပြည့်တဲ့ ကလေး ၂ ယောက်ပါ ပါဝင်ကြောင်း၊ အားလုံး ဟာ အထုတ်အပိုးတွေနဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

Thaipost.net  သတင်းထဲမှာတော့ သူတို့ကို လမ်းပြခေါ်ဆောင်လာတဲ့ အမျိုးသား ၃ ဦးကို ကား ၃ စီးနဲ့အတူ ဖမ်းမိတယ်လို့ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်အပူချိန်တိုင်းကြည့်ရာမှာ အားလုံးပုံမှန်ဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

2 months Ago

April 12, 2021

ထိုင်းသို့ တရားမဝင် ဝင်လာသည့်မြန်မာ ၅၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ နေရာစုံမှာ အလုပ်လာလုပ်ဖို့အတွက် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာ ၅၉ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ရှိ တောတွင်းတစ်နေရာမှာ အထုတ်အပိုးတွေနဲ့ မသင်္ကာဘွယ် လူတစ်စုရောက်ရှိနေကြောင်း သတင်းပေးချက်ရတဲ့အတွက် နယ်မြေခံ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်နေ့က ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စုထဲက တောထဲမှာ ပုန်းအောင်းနေတဲ့ လူတစ်စုကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားတစုံတရာမရှိဘဲ  မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်ကနေ တောလမ်းအတိုင်း ခြေလျင်ဝင်လာကြကြောင်း၊ ဘန်ကောက်၊ ရာ့ချ်ပူရီ၊ နခွန်ပထုန်၊ ချွန်းဖွန်း၊ ချွန်းပူးရီး စတဲ့မြို့တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားအဆက်အသွယ်နဲ့ ရောက်လာကြတာဖြစ်ပြီး လာကြိုမယ့်ကားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

သူတို့ထဲမှာ အသက်မပြည့်တဲ့ ကလေးငယ် ၂ ဦးပါဝင်ပြီး မော်လမြိုင်၊ ဘုရားသုံးဆူ၊ ရေး စတဲ့မြို့နယ်တွေက လာကြတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်အပူချိန်တိုင်းရာမှာ ပုံမှန်ရှိကြပေမယ့် ကိုဗစ် ၁၉ ဥပဒေအရရော နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။

2 months Ago
More News
Up