တရားမဝင် ပိတောက်ခွဲသားများ

July 7, 2017

မြန်အောင် စုပေါင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့ စခန်းအပိုင် ဘန့်ဘွေးကုန်း ကျေးရွာ ပုသိမ်မုံရွာကားလမ်းမပေါ်မှာ တရားမ၀င် ပိတောက်ခွဲသားတွေ ဖမ်းဆီးမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ လဝက၊ သစ်တော၊ ထွေအုပ်အဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြိး မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးရာက ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ တရားမဝင် ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိတာပါ။ ပိတောက်ခွဲသားတွေကို မကွေးတိုင်းဒေသကြီး ဗဒန်းတောတွင်းတနေရာကနေ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းကို ပုသိမ်-မုံရွာ ကားလမ်းမအတိုင်း တင်ဆောင်တဲ့ ကန်ဒါ အဖြူခြောက်ဘီးကား ပေါ် စပါးခွံတွေနဲ့အုပ် သယ်လာတာဖြစ်ပြီး ပိတောက်ခွဲသား ၃၈ တုံး တန် ၃ တန်ကျော်ကို စစ်ဆေးဖမ်းမိတာပါ။ "ကျနော်တို့ ခု ကားနဲ့ ယာဉ်မောင်းယာဉ်နောက်ကို စစ်ဆေးနေပါတယ်။ ဥပဒေက သစ်တောဥပဒေဖြစ်တဲ့ ၄၂(ခ)၊ ကျွန်းနဲ့တားမြစ်ထားတဲ့ သစ်တောထွက်ပစ္စည်းများ သယ်ဆောင်ခြင်း ဥပဒေပုဒ်မနဲ့ အမှုဖွင့်ပြီး တရားရုံးဦးတိုက်လျှောက်ထားရမှာပါ။ သစ်ပိုင်ရှင်က ဘယ်သူ၊ ယာဉ်ပိုင်ရှင်က ဘယ်သူ၊ ဘယ်ကနေ့ ဘယ်ကိုပို့တယ်၊ ဘယ်နှခေါက်ရှိပြီ စတဲ့ အရာတွေ စစ်ဆေးမေးမြန်းနေပါတယ်” လို့ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်ဌေးက ဒီဗွီဘီ ကိုပြောပါတယ်။ "တရားခံတွေကိုတော့ စစ်ဆေးနေစဉ် ကျနော်တို့ ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး သစ်တောအဖွဲ့ကို လွှဲမှာပါ။ ခုမိတဲ့ ပိတောက်ခွဲသားတွေရဲ့ အဲဒေသတောတွင်းပေါက်ဈေး ၂၆ သိန်းကျော် ရှိပါတယ်။ မြန်အောင်မြို့နယ်မှာ ဒါပထမဆုံး ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိတာပါ” လို့ ဒုရဲအုပ်ကျော်မင်းသူက ပြောပါတယ်။ သတင်း - သန်းထိုက်မြင့်
4 years Ago

June 11, 2017

တရားမဝင် ပိတောက်ခွဲသားများ သထုံတွင် ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းတိုးဂိတ်တွင် ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ငါးထည့်တဲ့ ရေခဲပုံးတွေနဲ့ ဖုံးကွယ်သယ်ဆောင်လာတဲ့ ပိတောက်ခွဲသားတုံးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သုဓမ္မဝတီနယ်မြေရဲစခန်းက သိရပါတယ်။ သုဓမ္မဝတီ နယ်မြေရဲစခန်းမှ ရဲအုပ်မြင့်ခိုင်က “သူတို့တွေက သစ်တွေကို အလယ်မှာ ထည့်ပြီး ငါးထည့်တဲ့ ရေခဲပုံးတွေကို ကားအနောက်ဘက်မှာ ကာပြီး တင်လာတာ။ ဂိတ်က အဖွဲ့တွေက မသင်္ကာလို့ စစ်ဆေးတော့ သစ်တွေ သယ်လာတာ သိရတယ်။ သစ်တွေကိုတော့ သစ်တောကို အပ်လိုက်ပြီ။ သစ်တောကတော့ သူတို့ဥပဒေနဲ့ ဆက်လက်အရေးယူပါလိမ့်မယ်”လို့ ပြောပါတယ်။ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ကြာပန်းတိုးဂိတ်မှာ စစ်ဆေးဆောင်ရွက် နေစဉ် သထုံဘက်မှ ဘားအံဘက်ကို သထုံမြို့နေသူ ယာဉ်မောင်း ဇေယျာ (၂၀-နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် သထုံမြို့နေသူ ထွန်းဝေ (၂၃-နှစ်) တို့ လိုက်ပါလာတဲ့ ဟီးနိုး ဖြူပြာရောင် ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ ငါးထည့်တဲ့ ရေခဲပုံးတွေနဲ့ ဖုံးအုပ်ကွယ်ပြီး တင်ဆောင်လာတဲ့ တရားမဝင် ပိတောက်ခွဲသား လေးထောင့်တုံး ၅ ဒသမ ၇၄၄၈ တန်၊ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၆၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင် ပိတောက်ခွဲသားတွေ တင်ဆောင်လာတဲ့ ဇေယျာနဲ့ ထွန်းဝင်းတို့ ၂ ဦးကို သထုံမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ဌေးဦးက သစ်တောဥပဒေ ပုဒ်မ ၄၂(ခ) နဲ့ သထုံမြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထား တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up