တရားမဝင်နေထိုင်သူများ နေရပ်ပြန်ပို့ရေး အစီအစဉ် အမေရိကန်အစိုးရ ထုတ်ပြန်

February 22, 2017

တရားမဝင်နေထိုင်သူများ နေရပ်ပြန်ပို့ရေး အစီအစဉ် အမေရိကန်အစိုးရ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် နေထိုင်သူတွေကို နေရပ်ရင်းတွေ ပြန်ပို့ရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစိုးရက အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီအမံသစ်တွေဟာ အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် နေထိုင်သူတွေကို အစုအပြုံလိုက် ဖမ်းဆီးပြီး ပြန်ပို့ဖို့ မဟုတ်သေးပေမယ့် ပြဋ္ဌာန်းထားပြီး တည်ဆဲဥပဒေတွေကိုပဲ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့ အာဏာပိုင်တွေ အထူးအခွင့်အာဏာပေးအပ်တာလို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ရှောင်န် စပိုင်ဆာ (Sean Spicer) က ပြောပါတယ်။ ဒါကြောင့် နိုင်ငံအတွင်း အထောက်အထားမရှိ နေထိုင်သူတွေဟာ ယာဉ်စည်းကမ်း ချိုးဖောက်ရင်ပဲဖြစ်ဖြစ်၊ အလစ်သုတ်၊ ခိုးမှုကျူးလွန်ရင်ပဲဖြစ်ဖြစ် အဲ့ဒါထက်မက ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေလိုပဲ တတန်းတည်းထား ဖမ်းဆီးအရေးယူခံကြရမှာလို့ ဆိုပါတယ်။ လက်ရှိ တည်ဆဲ ပြည်ဝင်ခွင့်ဥပဒေတွေကို ပြုပြင်ပြောင်းလဲတာမဟုတ်ဘဲ ဒီဥပဒေတွေကိုပဲ တိတိကျကျ ကြပ်မတ်သွားမယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုတဝန်း တရားမဝင်နေထိုင်သူ ၁၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အိမ်ဖြူတော်နဲ့ အမေရိကန်လုံခြုံရေးဌာနတို့ အဓိကရည်ရွယ်တာကတော့ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေကို ကြပ်ကြပ်မတ်မတ် ရှာဖွေစစ်ဆေးပြီး သူတို့ကို ဦးစားပေးပြန်ပို့ဖြစ်တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိက ပြောပါတယ်။
4 years Ago
Up