တရားမဝင်အဆောက်အအုံ

August 23, 2018

ကင်ညာတွင် တရားမဝင် အဆောက်အအုံများ ဖြိုချမှု ဝေဖန်ခံရ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က တရားမဝင် ဆောက်လုပ်ထားတယ်ဆိုတဲ့ အဆောက်အအုံတွေကို အာဏာပိုင်တွေက ဖြိုချနေချိန်မှာပဲ ဝေဖန် ပြောဆိုသံတွေ ထွက်လာနေပါတယ်။ ကင်ညာအစိုးရဟာ လမ်းဖောက်လုပ်ဖို့ဆိုပြီး အာဖရိက အကြီးမားဆုံး ပျံကျရပ်ကွက်တွေထဲက တခုဖြစ်တဲ့ မြို့တော် နိုင်ရိုဘီက ကီဘာရာအရပ်မှာရှိတဲ့ ရာနဲ့ချီတဲ့ တရားမဝင် အဆောက်အအုံတွေကို ပြီးခဲ့တဲ့လတုန်းက ဖြိုချခဲ့တဲ့အတွက် နိုင်ရိုဘီက ဆင်းရဲတဲ့ ပျံကျတွေ အိမ်ရာမဲ့ ဖြစ်ကုန်ပါတယ်။ အခုလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံ ၁၀ လုံးလောက် ဖြိုချခံခဲ့ရပါတယ်။ တာဝန်ရှိသူတွေကတော့ ပြည်သူပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်လို့ အဆောက်အအုံတွေ ဖြိုချတာလို့ ပြောပေမယ့် ဒီလုပ်ရပ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ ကင်ညာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် ဥက္ကဋ္ဌက “တရားရုံးအမိန့်ကို လိုက်နာတယ်ဆိုပြီး အဆောက်အအုံ ဖြိုချခံလိုက်ရတဲ့ ကင်ညာနိုင်ငံသားတွေအတွက် ကျနော်တို့ ဝမ်းနည်းမိပါတယ်။ ဒီလိုလုပ်ရပ်ဟာ ဖြိုချမှုတချို့ကို ရပ်ခိုင်းတဲ့ တရားရုံးအမိန့်ကို မလေးစားရာရောက်သလို ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားတွေအတွက် တရားဥပဒေစိုးမိုးမှုအပေါ် အမြင်လည်း ထိခိုက်စေနိုင်ပါတယ်” လို့ ပြောပါတယ်။ ကုန်တိုက်တွေဖွင့်ထားတဲ့ နာကူးမက်လုပ်ငန်းရဲ့ မန်းနေးဂျင်းဒါရိုက်တာ အတူးရှားကတော့ သူ့လုပ်ငန်းခွဲ အဆောက်အအုံတခု အဖြိုခံခဲ့ရပြီး ဖြိုဖျက်မှုဟာ တွေ့တဲ့အဆောက်အအုံကို ဖျက်တဲ့ပုံပေါ်နေတဲ့အပြင် လက်စသတ်တဲ့ နေရာမှာလည်း အားနည်းတယ်လို့ ပြောပါတယ်။ “စဖြိုတာက ဟိုဘက်ကနေစတယ်။ လုပ်စရာရှိတဲ့သူတွေကို အပြီးအထိတောင် အချိန်မပေးဘူး။ ဒီနေ့ဆို ဒီဘက်ကိုလုပ်တယ်။ အထဲမှာ ပစ္စည်းတွေရှိတယ်။ ဘာလို့ ဒီလိုလုပ်နေတာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။ ကင်ညာသမ္မတ ကင်ညာတာကတော့ အဆောက်အအုံတွေ ဖြိုချတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြစ်ကမ်းဘေးမြေတွေပေါ်မှာ အဆောက်အအုံ ဆောက်လုပ်ခွင့်ပေးတဲ့ အရာရှိတွေကို အရေးယူတာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ “မြစ်ကမ်းဘေးက မြေတွေပေါ်မှာ အဆောက်အအုံတွေကို ဖြိုချတယ်ဆိုတာက ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ နိုင်ရိုဘီမြို့ခံတွေ အဆင်မပြေစေတဲ့ ရေကြီးတာနဲ့ တခြားပြဿနာတွေ ဖြစ်လာနိုင်ချေ ရှိမှုတွေကြောင့်ပါ” လို့ သမ္မတ ကင်ညာတာက ပြောပါတယ်။ ကင်ညာမှာ တရားမဝင်ဆောက်လုပ်ထားတယ်လို့ ယူဆရတဲ့ နောက်ထပ် အဆောက်အအုံတွေ ဖြိုချမှုတွေ ရှိလာနိုင်ပါသေးတယ်။ ကင်ညာ ဆောက်လုပ်ရေး အာဏာပိုင်တွေကတော့ နိုင်ငံထဲက စစ်ဆေးပြီး အဆောက်အအုံ ၅၀၀၀ ထဲမှာ ၈၀၀ လောက်က ဘေးကင်းလုံခြုံမှုမရှိလို့ ဖြိုချရမယ်လို့ ပြောထားပါတယ်။
3 years Ago
Up