တရားမဝင်သစ်များ ဖမ်းမိ

June 7, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တရားမဝင်သစ်များ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်မှာ တရားမဝင်သစ်တွေကို ဇွန် ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။ ဖြူးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိတဦးက “သတင်းပေး တိုင်ကြားလို့ တက်ရှာတာပါ။ အပေါ်မှာက ၄ တန်လောက် မိထားတယ်။ ဒီအောက်မှာကလည်း ၄ တန်လောက်တော့ ရှိမယ်။ တိုင်းနေပါပြီ။ အတိုင်းစာရင်း ထွက်လာရင်တော့ အတိအကျ သိရပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနောက်ဘက် တောင်ပေါ် ကညင်ပင်ကွင်း၊ အုန်းလက်ချောင်းအနားမှာရှိတဲ့ ကွင်းပြင်နဲ့ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆/၃ တွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ပျဉ်းကတိုးသစ်ခွဲသား ဆိုဒ်စုံ ၁၀၈ ချောင်း ၈ ဒသမ ၅ တန်လောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။ ၁၁၅ မိုင် ဆားကွန်းလမ်းမှာလည်း တရားမဝင်သစ်တွေ နေ့စဉ် ခိုးထုတ်မှုတွေ ရှိနေပြီး ဌာနဆိုင်ရာတွေကလည်း ဖမ်းဆီးအရေးယူဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။ ပဲခူးရိုးမတောင်ကို ၂၀၁၆ ခုနှစ်က စတင်ပြီး သစ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားပေမယ့် နေ့စဉ် တရားမဝင် သစ်ခိုးထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
4 years Ago

March 3, 2017

လက်ပံတန်းတွင် တရားမဝင်သစ်များ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ကံကြီးလမ်းနှင့် ဘီးလင်းတန်းလမ်းဆုံမှာ ဒီနေ့မနက် ၃ နာရီလောက်က ယာဉ်တစီးပေါ်ကနေ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင်သစ်တွေ တင်ဆောင်လာကြောင်း သတင်းအရ လက်ပံတန်းမြို့ သစ်တောဦးစီးဌာနနဲ့ မြို့မရဲစခန်း တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက  သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ မှော်အင်းကျေးရွာဘက်မှ လက်ပံတန်းမြို့ထဲ လှမင်းထွန်း မောင်းနှင်လာတဲ့ အစိမ်းရောင်ကား ဂွန်ဒေါင်းယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ၅၆ ချောင်း (၀ ဒသမ ၆၅၀၆)၊ ပျဉ်းကတိုးခွဲသား ၄ ချောင်း (၀ ဒသမ ၂၀၁၂) တန်နဲ့ အခြားခွဲသား ၂၂၄ ချောင်း ၃ ဒသမ ၈၆၂၈ တန်တို့ကို ပိုင်ရှင်ဖြစ်သူ အုန်းကုန်းရွာနေ ဦးဇော်နိုင်နဲ့ ဇီးဖြူကုန်းမြို့မရွာနေ ဦးမြင့်စန်းတို့နဲ့အတူ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ တရားမဝင် ကျွန်းခွဲသားတွေနဲ့ အခြားသစ်ခွဲသားတွေ တင်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူနဲ့ ပိုင်ရှင် နှစ်ဦးတို့ကို လက်ပံတန်းမြို့မရဲစခန်းမှ သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂(ခ)၊ ၄၁(က) တို့နဲ့ အရေးယူသွားမယ်လို့ လက်ပံတန်းမြို့မရဲစခန်းမှ ရဲအုပ်စိန်မောင်မြင့်က ပြောပါတယ်။

သတင်း - ဝဏ္ဏထွန်း

4 years Ago
More News
Up