တရားမဝင်ဝင်ရောက်သူ

June 28, 2018

အမေရိကန်တွင် တရားမဝင်ဝင်ရောက်သူ မိဘနှင့်ကလေးများ ခွဲထားမှု ရပ်တန့်ရန်တောင်းဆို

အမေရိကန်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူ မိသားစုတွေကို မိဘနဲ့ကလေး ခွဲပြီး ဖမ်းဆီးထားတာ ရပ်တန့်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ် တိုနီလိုမြို့က မိဘနဲ့ အခွဲခံထားရတဲ့ ကလေးငယ်တွေကို ထိန်းသိမ်းထားရာ စခန်းရှေ့မှာ လက်တင်နွယ်ဖွား တက်ကြွလှုပ်ရှားသူတွေ ဇွန် ၂၇ ရက်က တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အဲဒီစခန်းဟာ ကလေး ၃၀၀ လောက်ကို ထိန်းသိမ်းထားတဲ့ စခန်းပါ။ ဆန္ဒပြသူတွေက ကလေးတွေကို မိဘနဲ့ခွဲပြီး ဖမ်းထားတဲ့ ကိစ္စနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအပေါ် ရာဇဝတ်မှုတွေနဲ့ စွပ်စွဲတဲ့ကိစ္စကို ဆန့်ကျင်ခဲ့ကြပါတယ်။ “ကျနော် အမေရိကမှာ ရောက်နေတာ ၂၇ နှစ်ရှိပါပြီ။ ကျနော်က ဒါကာ (DACA) မူဝါဒအရ ဒီမှာအလုပ်လုပ်နေတဲ့ သူပါ။ ကျနော် ရာဇဝတ်မှုကျူးလွန်တဲ့ ဘာမှတ်တမ်းမှ မရှိဘဲ အမေရိကန်နိုင်ငံဟာ ကျနော့်ကို ရာဇဝတ်မှု ကျူးလွန်သူတဦးလို ဆက်ဆံနေတာ တွေ့ရပါတယ်” လို့ ဆန္ဒပြသူတဦးက ပြောပြသွားတာပါ။ “သူတို့ပြောနေတာက ကလေးတွေကို အချိန်အကန့်အသတ်မရှိ ဖမ်းဆီးထားမယ်ဆိုတော့ ကလေးတွေက ဒီထိန်းသိမ်းရေးစခန်းမှာပဲ ကြီးပြင်းရတော့မယ့် သဘော ဖြစ်နေပါတယ်။ ဒီလုပ်ရပ်က လူမဆန်တဲ့လုပ်ရပ်ပါ” လို့ ဆန္ဒပြ အမျိုးသမီးတဦးက ပြောပါတယ်။ အခုဆန္ဒပြမှုဟာ Freeourfuture လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့မှာ ဆန်ဒီယေဂိုမြို့က ထိန်းသိမ်းရေးစခန်းရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
3 years Ago
Up