တရားမဝင်ဝင်ရောက်လာသူများ

May 9, 2018

တရားမဝင် ဝင်လာသူများကို တရားစွဲမည်ဟု အမေရိကန် ရှေ့နေချုပ် သတိပေး

အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို တရားစွဲဆိုသွားမှာ ဖြစ်တဲ့အကြောင်း ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တီယေဂိုမြို့မှာ မေလ ၇ ရက်က ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။ “ဒီကနေ့ ကျနော်တို့ ကမ္ဘာကြီးကို ပြောကြားလိုတာက ကျနော်တို့ဟာ ဒီနိုင်ငံကို အလွှမ်းမိုးခံခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ လူတွေ အုံနဲ့ ကျင်းနဲ့ ရောက်လာတာတွေ၊ ကျနော်တို့ နယ်စပ်မှာ ကသောင်းကနင်း ဖြစ်တာတွေကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးစနစ်မှာ တရားဝင်ဖြစ်မှုနဲ့ ဂုဏ်သိက္ခာရှိမှု လိုအပ်ပါတယ်။” ဆက်လက်ပြီး သူက “ကျနော်တို့နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတာနဲ့ ပတ်သက်လို့ ကျနော်တို့ လုံးဝ သည်းမခံတော့ပါဘူး။ ခင်ဗျားဟာ တရားမဝင် ဝင်ရောက်လာရင် ခင်ဗျားကို ကျနော်တို့ တရားစွဲမှာပါ။ သိပ်ကိုရိုးရှင်းပါတယ်။ ခင်ဗျားဟာ တရားမဝင် ဝင်လာသူတွေကို ခိုးသွင်းရင် ခင်ဗျားကို ကျနော်တို့ တရားစွဲမှာပါ။ ကလေးတယောက်ကို တရားမဝင် ခိုးသွင်းရင် ခင်ဗျားကို တရားစွဲမယ်၊ ပြီးရင် ဥပဒေအရ ကလေးနဲ့ ခင်ဗျားကို ခွဲထားကောင်း ခွဲထားနိုင်တယ်” လို့လည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် ဂျက်ဖ်ဆက်ရှင်က ခိုလှုံခွင့် တောင်းခံသူတွေရဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေး တရားသူကြီး အရေအတွက်ကို ၅၀ ရာခိုင်နှုန်းခန့် တိုးမြှင့်မှာ ဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။
3 years Ago
Up