တရားပြန်စွဲမည်

August 20, 2021

ထိုင်းရဲတပ်ဖွဲ့ဖြိုခွင်းမှုကြောင့် မျက်စိကွယ်သွားသည့် ဆန္ဒပြလူငယ်က တာဝန်ရှိသူကို တရားပြန်စွဲမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆို ဆန္ဒပြသူတွေကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ဓာတ်ငွေ့တွေ ၊ ရာဘာကျည်တွေသုံးပြီး ဖြိုခွင်းတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ 

ဒဏ်ရာရသူတွေထဲမှာ နိုင်းနတ်ထနကစ်အမ်းနွေးဆိုသူ  လူငယ် ၁  ဦးပါပါဝင်ပြီး သူဟာ  ဩဂုတ် ၁၃ ရက် ဆန္ဒပြပွဲမှာ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှ ဝန်ကြီးချုပ်အိမ်ကို ချီတက်လာတဲ့ ထလုဖာ့စစ်ကြောင်းနဲ့အတူလိုက်လာပြီး လမ်းမှာ လုံခြုံရေးရဲတွေရဲ့ ဖြိုခွင်းမှု ကြောင့် ညဘက်မျက်ခုံးအောက်မှာ ဒဏ်ရာရခဲ့ပါတယ်။ 

အဆိုပါဒဏ်ရာမှာ မာကျောတဲ့အရာရဲ့ရိုက်ခတ်မှုကို ခံရပြီး မျက်ကြည်မှန်လွှာကွဲကာ အမြင်အာရုံကြောကိုပါ ထိခိုက်သွားတာကြောင့် ဒီတသက်ပြန် မမြင်နိုင်တော့တဲ့အကြောင်း ဆေးကုသချက် မှတ်တမ်းက ဆိုပါတယ်။ 

သူ့ရဲ့မိသားစုကတော့ သားဖြစ်သူ မျက်လုံးတဘက်ဆုံးရှုံးရတာဟာ သူတို့မိသားစုရဲ့ ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ဖောက်ဖြိုခွဲရာမှာ နိုင်ငံတကာစံနှုန်းအရ တိုက်ရိုက်ပစ်ခွင့် မရှိ၊ လူအုပ်ဘေးကို သွယ်ဝိုက်ပြီးမှသာပစ်ခွင့်ရှိပေမယ့် အဲဒီနေ့က လူအုပ်ထဲကိုတည့်တည့်ပစ်တာ ကြောင့် တာဝန်ရှိသူတွေကို ရာဇဝတ်မှုဥပဒေနဲ့ရော တရားမမှုဥပဒေနဲ့ပါ တရားစွဲသွားမယ်လို့ ဩဂုတ် ၁၉  ရက်က ထုတ်ပြန်ပါတယ်။ 

နိုင်းထနကစ်အမ်းနွေးကတော့ သူ့တသက်မှာ မျက်စိတဘက်ဆုံးရှုံးတော့မှ အမှန်တရားကို အကြည်လင်ဆုံးမြင်လာရကြောင်း၊ ဘာပဲဖြစ်ဖြစ် ပြည်သူတွေလိုလားတဲ့နိုင်ငံရေး ပန်းတိုင်မရောက် မချင်းအားလုံးနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ 

နိုင်းထနကစ်ဟာ ကုမ္ပဏီလုပ်ငန်းရှင် ချမ်းသားတဲ့ မျိုးရိုးကနေဆင်းသက်လာသူဖြစ်ပြီး ပညာ တတ်လူငယ် ၁ ဦးဖြစ်ကာ  ဒီမိုကရက်ပါတီရဲ့ ရွေးကောက်ပွဲဝင်အမတ်လောင်း ၁ ဦး လည်းဖြစ်ခဲ့ပါတယ်။ 

Photo- Khaosod

4 months Ago
Up