တရားစွဲဆိုခံရသူ

February 24, 2021

မူဆယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသဖြင့် တရားစွဲဆိုခံရသူ ၄ ဦး အားရုံးထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့တရားစွဲခံရသူ  ၄ ဦးကို ဖေဖော်ဝါရီ ၂၃ ရက်က Video Conferencing နဲ့ ရုံးထုတ်ခဲ့တယ်လို့ အမှုကို အခမဲ့ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့သူတွေက မူဆယ်မြို့နယ်နေ ဦးသန်းမြင့်၊ ဦးဌေးလွင့်၊ ဦးစိုင်းထွန်းကိုကို၊ ဦးတင့်ခိုင်နဲ့ ဦးစောဘအေး စုစုပေါင်း ၅ ယောက်ဖြစ်ပြီး  ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ကာ ဦးစောဘအေးကလွဲလို့ ကျန် ၄ ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ Video Conferencing နှင့် ရုံးထုတ်ခဲ့ပါတယ်။ 

တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက “ဦးစောဘအေးကတော့ ရမန်ကာလ မစေ့ရောက်သေးတဲ့အတွက် ဘာနဲ့ အရေးယူ ဆောင်ရွက်မလဲ၊ ဘယ်ပုဒ်မနဲ့ တရားစွဲတင်မလဲဆိုတာ ကျမတို့ လောလောဆယ် သိရှိထားရတာ မရှိသေးပါဘူး။ ပုံမှန်ဆိုရင် တရားခံတွေကို သူ့အပိုင်ရဲစခန်းမှာ ချုပ်နှောင်ပြီး ရမန်ကာလ စေ့ရောက်တယ် ဆိုလို့ရှိရင် တရားရုံးကို တရားခံတွေနှင့်အတူ တရားစွဲတင်။ ပြီးတော့ ပို့ရပေမယ့် ယခုက မငြိမ်းချမ်းဘူး၊ မလုံခြုံဘူးဆိုတဲ့ အကြောင်းပြချက်နှင့် ရဲကနေပြီးတော့ တရားခံတွေကို လားရှိုးထောင်ကို ပို့လိုက်တော့ တရားခံတွေကို တရားစွဲတင်တဲ့အခါ Video Conferencing နဲ့ တွေ့ရပါတယ်” လို့ ပြောပါတယ်။

လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အားလုံးကို မူဆယ်က ရှေ့နေ ၅ ယောက်က နေပြီးတော့ အခမဲ့ လိုက်ပါ ကူညီ ဆောင်ရွက်ပေး နေတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေအနေနဲ့ ရှေ့နေကိုယ်စားလှယ်စာကိစ္စဆောင်ရွက်ခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံပြီး စကားပြောခွင့် ဆုံးရှုံးနေသလို အပိုင်ရဲစခန်းမှာ ချုပ်နှောင်ထားခြင်း မရှိဘဲ လားရှိုးထောင်ကို ပို့လိုက်တဲ့အတွက် သူတို့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်ဖို့ အခြေခံ လူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေတယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

လက်ရှိ အာဏာသိမ်းစစ်အစိုးရကို နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုအတွင်း  တက်ကြွလှုပ်ရှားသူတွေ၊ ဦးဆောင်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အများအပြား ဖမ်းဆီးအရေးယူ ခံနေရတာဖြစ်ပါတယ်။

Pra Jaw

9 months Ago
Up