တရားစွဲခံရသူများ၏ ရှေ့နေ

May 26, 2021

မြိတ်မြို့တွင် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံရသူများ၏ ရှေ့နေများ ပါဝါရုပ်သိမ်းခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရသူတွေရဲ့ ရှေ့နေတွေဆီကနေ ပါဝါတွေကို  အကြမ်းဖက်စစ်အုပ်စုက  ပြန်ရုပ်သိမ်းလိုက်တယ်လို့  မြိတ်မြို့ဒေသခံ တစ်ယောက်က ပြောပါတယ်။

ရှေ့နေလိုက်ခွင့်ပါဝါ ရုပ်သိမ်းတဲ့အတွက် တရားစွဲခံရသူတွေရဲ့ မိသားစုဝင်တွေဟာ သားသမီးတွေအတွက် စိုးရိမ်နေကြပြီး အမှုအတွက် ဥပဒေကြောင်းအရ ဆက်လုပ်ဖို့ အခက်အခဲကြုံတွေ့နေကြရပါတယ်။

"အခု မြိတ်မှာ ပုဒ်မ ၅၀၅ နဲ့ စွဲထားတဲ့လူတွေအားလုံးနီးပါး ပါဝါရုပ်သိမ်းခံထိနေတာ၊ ဒီနေ့ဆိုရင် မိဘတွေများ သနားစရာကြီး၊ မျက်နှာလေးတွေကိုငယ်လို့၊ ရှေ့နေပါဝါသိမ်းပြီဆိုပြီး သူတို့လည်း အဆက်အသွယ်တွေ ပြတ်ကုန်တာလေ၊ မြိတ်မှာ ပုဒ်မ ၅၀၅နဲ့ အစွဲခံရတဲ့ ၂ ယောက်ကိုတော့ ရှေ့တစ်ပတ်က ထောင် ၂ နှစ်ဆိုပြီး အမိန့်ချ လိုက်တယ်" လို့ မြိတ်ဒေသခံကပြောပါတယ်။

မြိတ်အကျဉ်းထောင်ထဲကိုရောက်နေတဲ့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရတဲ့အတွက်လည်း အခက်အခဲတွေရှိနေပါတယ်။

မြိတ်မြို့မှာ ပုဒ်မ  ၅၀၅(က) နဲ့ မတ်လ ၁ ရက်ကတည်းက  ဖမ်းဆီးတရားစွဲတာခံထားရတဲ့ DVB သတင်းထောက် ကိုအောင်ကျော်ဟာလည်း ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးပါဘူး။

ကိုအောင်ကျော်အမှုကို ရှေ့နေတွေက မလိုက်ရဲအောင် စစ်ကောင်စီက ခြိမ်းခြောက်ခဲ့တဲ့အတွက် ကိုအောင်ကျော်က သူ့အမှုအတွက် သူကိုယ်တိုင် တရားရုံးမှာ ချေပနေရပါတယ်။

6 months Ago
Up