တရားစွဲမည်

June 16, 2019

ဖြုတ်ချခံ ဆူဒန်သမ္မတကို အဂတိလိုက်စားမှုဖြင့် တရားစွဲမည်

ဖြုတ်ချခံ ဆူဒန်သမ္မတ အိုမာအယ်လ်ဘတ်ရှားကို အနှစ် ၃၀ အုပ်ချုပ်မှုအတွင်း အဂတိလိုက်စားမှု စွဲချက်တွေနဲ့ မကြာခင် တရားစွဲမယ်လို့ ဆူဒန်အစိုးရ ရှေ့နေချုပ်က ဇွန် ၁၅ ရက်မှာ ပြောပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အမှုတွဲကို ပြင်ဆင်နေတယ်လို့ ရှေ့နေချုပ် အယ်လ်ဝါလိဒ် ဆာယဒ် အာမဒ် မာမွတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ တခြား အရာရှိဟောင်း ၄၁ ယောက်ကိုလည်း လာဘ်စားမှု စွဲချက်တွေနဲ့ ရာဇဝတ်ကြောင်း အရ အမှုဖွင့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ နှစ် ၃ဝ ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ဘတ်ရှားကို လူထုက လချီဆန္ဒပြအပြီး စစ်တပ်က ဧပြီလမှာ ဖြုတ်ချခဲ့ပါတယ်။ သူ့ကို စုံစမ်းစစ်ဆေးနေတဲ့ အမှုတခုအပြီးမှာ အဂတိလိုက်စားမှုတွေနဲ့ တရားစွဲခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ဇွန် ၁၃ရက်မှာ ပြောပါတယ်။ အမှုတွေထဲမှာ သံသယဖြစ်ဖွယ် တရားမဝင် ချမ်းသာမှုနဲ့ အရေးပေါ် အမိန့်ထုတ်မှုတွေနဲ့ ပတ်သက်နေတယ်လို့ ရှေ့နေချုပ်ရုံးက ပြောပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။ ဘတ်ရှားဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုမှာ လှုံ့ဆော်ရင်း ပါဝင်ပတ်သက်လို့ မေလက တရားစွဲ ခံရပြီးသားပါ။ သူ့ကို ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်ဝါဒကို ဘဏ္ဍာငွေ ထောက်ပံ့မှု သံသယတွေအတွက် စစ်မေးဖို့လည်း အမိန့်ထုတ်ထားပါတယ်။ မြို့လယ်က သပိတ်စခန်းနဲ့ ကပ်လျက်ဒေသမှာ ရှိတဲ့ ရာဇဝတ်သားတွေကို ရှင်းဖို့ စီမံကိန်းကို ကြီးကြပ်ရေးအတွက် စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အစည်းအဝေး တက်ခဲ့တယ်လို့လည်း မာမွတ်က ပြောပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကို ဖြိုခွဲမယ့် အတွေးအခေါ်ကိုတော့ မဆွေးနွေးခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။ ဆူဒန်နိုင်ငံကို လက်ရှိထိန်းချုပ်ထားတဲ့ စစ်ကောင်စီကတော့ အာဏာသိမ်းဖို့ ကြိုးစားမှု အတော်များများကို ကြားဖြတ်ဟန့်တားခဲ့ပြီးပြီ ခါတွန်မြို့လယ်မှာ ဒီလအစောပိုင်းက ထိုင်သပိတ်ကို လူသေတဲ့အထိ ဖြိုခွဲတဲ့ အရာရှိတချို့ကို ဖမ်းထားပြီးပြီလို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
2 years Ago

September 30, 2018

အမျိုးသမီးတဦးအား အဓမ္မပြုကျင့်သည်ဟု ဖော်ပြခဲ့သည့် မဂ္ဂဇင်းကို ရော်နယ်ဒို တရားစွဲမည်

ဂျူဗင်တပ်အသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူးခရစ္စတီယာနို ရော်နယ်ဒိုက Der Spiegal လို့ခေါ်တဲ့ ဂျာမနီနိုင်ငံက မဂ္ဂဇင်းတခုကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ကိုးနှစ်လောက်က ရော်နယ်ဒိုဟာ သူမကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ အမေရိကန် အမျိုးသမီးတယောက်ရဲ့ ပြောဆိုချက်ကို ဖော်ပြခဲ့လို့ ဒီလိုတရားစွဲဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောဆိုခဲ့တာက အသက် ၃၄ နှစ်အရွယ် ကာသင်းမာယော်ဂါဆိုတဲ့ အမျိုးသမီးတဦးဖြစ်ပြီး သူမဟာ သူ့ကို ရော်နယ်ဒိုက ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက လာ့စ်ဗီးဂတ်စ်မြို့မှာ အဓမ္မကျင့်ခဲ့တယ်လို့ စက်တင်ဘာ ၃ဝ ရက်နေ့က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုမှုကို ရော်နယ်ဒိုဘက်က ပြင်းပြင်းထန်ထန် ငြင်းချက်ထုတ်ခဲ့ပေမယ့် ဒီသတင်းကို The Times သတင်းမှာလည်း ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဘက်က ဒီကိစ္စဟာ နှစ်ဦးသဘောတူဖြစ်တယ်လို့ ပြောဆိုထားပြီး အဓမ္မဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားတာပါ။ သတင်းတွေအရ ရော်နယ်ဒိုဟာ ဒီဖြစ်ရပ်ကို ဖုံးကွယ်ထားဖို့ အမျိုးသမီးကို ပေါင် ၂၈၇ဝဝဝ ပေးခဲ့တယ်လို့ သိရပေမယ့် လက်ရှိအချိန်မှာတော့ အမျိုးသမီးရဲ့ရှေ့နေဖြစ်သူက ဒီကိစ္စကို တရားဥပဒေအရ ရင်ဆိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ ရှေ့နေဖြစ်သူ ခရစ္စတီယန်ရှရက်ဇ်ကလည်း ဂျာမာန် သတင်းစာရဲ့ ဖော်ပြချက်ဟာ ပုဂ္ဂိုလ်ရေးကို ထိခိုက်စော်ကားတာဖြစ်ပြီး လက်သင့်မခံနိုင်ဘူးလို့ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ကြေညာချက်တစောင်မှာ ပြောဆိုထားပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်ဇွန်လ လာ့စ်ဗီးဂတ်စ်မြို့ရဲ့ ဟိုတယ်ခန်းတခန်းထဲမှာ ဖြစ်ပွားခဲ့တာလို့ အမျိုးသမီးရှေ့နေရဲ့ ပြောဆိုမှုကို ကိုးကားဖော်ပြထားပြီး ရော်နယ်ဒိုဟာ သူမကိုဓမ္မတာနဲ့ ဆန့်ကျင်ကာ အဓမ္မကျင့်ခဲ့တယ်လို့ အမျိုးသမီးက ထွက်ဆိုထားကြောင်းလည်း ပါဝင်ပါတယ်။ အမျိုးသမီးရဲ့ရှေ့နေဖြစ်သူက သူဟာ ဒီကိစ္စတွေကို ရော်နယ်ဒိုရဲ့ ထွက်ဆိုချက်တွေပါ ပါဝင်တဲ့ စာရွက်စာတန်းတွေပေါ်မှာ အခြေခံပြီး တရားဥပဒေအရဆောင်ရွက်မယ်လို့ ပြော ဆိုထားပြီး အမျိုးသမီးနဲ့ ကစားသမားတို့ကြားမှာ ပေါင် ၂၈၇ဝဝဝ ရယူကာ ဒီကိစ္စကို မေ့ပစ်လိုက်ရမယ်ဆိုတဲ့ တရားရုံးပြင်ပ သဘောတူညီချက်တခုလည်း ပါဝင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီလိုဖော်ပြမှုအတွက် ရော်နယ်ဒိုရဲ့ရှေ့နေဖြစ်သူက မဂ္ဂဇင်းကို ပြန်လည်တရားစွဲဆို သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ အပြင်းထန်ဆုံး ကိစ္စတွေထဲက တခုအတွက် လျော်ကြေးငွေတောင်းခံသွားမယ်လို့လည်း ပြောပါတယ်။
3 years Ago
Up