တရားစွဲခံရ

July 27, 2019

ရွှေကူမြို့နယ်တွင် အစိုးရဝန်ထမ်း ၂၅၀ ကျော် တရားစွဲခံရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အစိုးရဝန်ထမ်း ၂၅၀ ကျော်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်က ငွေကြေးပြန်လည်ရလိုမှုနဲ့ တရားစွဲဆိုထားပါတယ်။ ဘဏ်ကငွေချေးပြီး ပြန်မဆပ်တာကြောင့်ဆိုပြီး ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ အများဆုံး တရားစွဲဆိုခံထားရတာပါ။ ဆရာ၊ ဆရာမ ၂၀၀ ကျော်နဲ့ တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ဆိုင်ကယ်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို AGD ဘဏ်ရဲ့ ချေးငွေနဲ့ ဝယ်ယူခဲ့ကြပါတယ်။ ရွှေကူမြို့နယ်ပညာရေမှူးရုံးက လက်ထောက်ကြီးကြပ်ရေးမှူး ဦးရန်နိုင်သော်က “ကျနော်တို့က ဝယ်ခဲ့တဲ့ဆိုင်နဲ့ ကိုယ်စားလှယ်ဆီမှာ ပြန်ဆပ်ပြီးပြီ။ ကျနော်ဆိုရင် ၂၀၁၆ ခုနှစ်က ကွန်ပျူတာတလုံးဝယ်တာ ၂၀၁၇ မှာပဲ အကြေဆပ်ပြီးပြီ။ ခုက ကိုယ်စားလှယ်နဲ့ ဆိုင်ရှင်က ဘဏ်ကို ငွေမသွင်းလို့ ဒီပြဿနာပေါ်တာ။ တခြားဝန်ထမ်းတွေလည်း ပါတယ်။ ပညာရေး ဝန်ထမ်းကတော့ ၂၀၀ ကျော်မယ်။ ဝန်ထမ်းတွေဆိုတော့လည်း တကယ်လိုတဲ့ ပစ္စည်းတွေကို အရစ်ကျနဲ့ရမယ်ဆိုတော့ ယူခဲ့တာပေါ့” လို့ ပြောပါတယ်။ ဗန်းမော်မြို့ ပေါ်က မြတ်မင်းနဲ့ ဝင်းနိုင်ဆိုင် ရဲ့ ကိုယ်စားလှယ် ဆိုင်ဖြစ်တဲ့ ရွှေကူမြို့ပေါ်က Happy Life ဆိုင်ဟာ AGD ဘဏ်နဲ့ ပူးပေါင်းပြီး ဝန်ထမ်းတွေကို ဆိုင်ကယ်နဲ့ ကွန်ပျူတာတွေ၊ ဖုန်းတွေ အရစ်ကျရောင်းပေးမယ်ဆိုပြီး ကြော်ငြာခဲ့တယ်လို့ သူက ဆိုပါတယ်။ “ကျနော်တို့က ဘဏ်မှာ လက်မှတ်ထိုးခဲ့ရတယ်။ ပစ္စည်းကတော့ ဆိုင်မှာ ယူရတာပေါ့။ ဘဏ်က ဗန်းမော်မှာပဲ ရှိတာဆိုတော့ ငွေသွင်းတာက ဆိုင်နဲ့ ကိုယ်စားလှယ်ဆီမှာပဲ သွင်းကြတာ။ ငွေသွင်းထားတဲ့ အထောက်အထား၊ လက်မှတ်တွေရှိတယ်။ ဘဏ်က ငွေမသွင်းလို့ဆိုပြီး ပြောတုန်းက မန်နေဂျာကိုသွားတွေ့ပြီး ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဆရာတို့ ဝန်ထမ်းတွေက ယူထားတာကြောင့် ဆရာတို့ကို စွဲရမယ် ဆိုပြီး ပြောတယ်” လို့ ဦးရန်နိုင်သော်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာပဲ တရားရုံးက ဆင့်ခေါ်စာရောက်လာပြီး ရှေ့နေကို ကိုယ်စားလှယ် လွှဲခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဆိုင် ၃ ဆိုင်က တာဝန်ခံ ၃ ယောက်နဲ့ ပစ္စည်းဝယ်ထားသူ ဝန်ထမ်းတွေကို တရားပြိုင်အဖြစ် စွဲဆိုထားတာဖြစ်ပြီး အမှုရင်ဆိုင်ရမယ့် ဝန်ထမ်း ၂၅၀ ကျော်ရှိတယ်လို့ ဒီအမှုလိုက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်သက်က ပြောပါတယ်။ “တရားမမှုဆိုတော့ တရားပြိုင်စုံမှ စစ်လို့ရမယ်။ ခုက အမှုက ချိန်းနေပေမယ့် တချို့ဝန်ထမ်းတွေက ပြောင်းသွားကြတာ၊ သမ္မာန်စာပို့တော့လည်း နယ်ဝေးတွေဆိုတော့ မရောက်နိုင်တာတွေရှိနေသေးတယ်။ အမှုက သမ္မာန်စာဆင့်ထားတုန်း ရှိသေးတယ်။ တရားပြိုင်စုံမှ ချေလွှာတင်ရမယ်” လို့ ပြောပါတယ်။ အမှု ၃ ခုမှာ တခုက ကျပ်သိန်း ၆၇၀ ကျော်၊ နောက်တခုက ကျပ်သိန်း ၂၀၀၀ ကျော်နဲ့ နောက်တခုကတော့ ကျပ်သိန်း ၃၄၀၀ ကျော် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဝန်ထမ်းတွေဟာ ဘဏ်ချေးငွေကို ၁၂ ရစ်၊ တနှစ်ခွဲပြီး ဆပ်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး AGD ဘဏ်ရုံးချုပ်ကို ဒီဗွီက ဆက်သွယ်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်နေလို့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မရခဲ့ပါဘူး။
2 years Ago

August 3, 2018

ရေကန်အတွင်း ရေခပ်သူများကို တရားစွဲမှု ရပ်ကွက်နေသူများ ဆန္ဒပြ

ဇီးကုန်းမြို့နယ်မှာ ရေကန်အတွင်း ရေခပ်သူတွေအား တရားစွဲတာကို  ရပ်ကွက်ပြည်သူတွေက မကျေနပ်လို့ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်အတွင်း ၁၉၆၄ ခုနှစ်မှာ ဆန်စက်ပိုင်ရှင်က အများပြည်သူ သောက်သုံးဖို့ လှူဒါန်းခဲ့တဲ့ သောက်သုံးရေကန်ကို တဦးတည်းပိုင် ကန်အဖြစ် ခြံစည်းရိုးခတ်တာတွေ၊ ရေကန်အတွင်း ရေခပ်သူတွေနဲ့ အလှူရှင်မိသားစုဝင်တဦးကို တရားစွဲတာကြောင့် ရပ်ကွက်နေပြည်သူ ၁ဝဝ ကျော်က ဆန္ဒထုက်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်သူ ဦးမြင့်သိန်းက “ဒီရေကန်ကို ၁၉၆၄ ခုနှစ်က အရင်ဆန်စက်ပိုင်ရှင် ဦးစိန်ထွန်းက ရပ်ကွက်ကို လှူဒါန်းခဲ့တာပါ။ နောက် သူတို့ဆန်စက်နဲ့ ခြံကို အရောင်းအဝယ် ပြုလုပ်တဲ့နေရာမှာ ကန်မပါခဲ့ပါဘူး။ ဒါကို အခုဆန်စက်ပိုင်ရှင် ဦးဇော်ဝမ်းက ၂ဝဝ၄ ခုနှစ်ကတခါ သူပိုင်ကန်ဆိုပြီး ဆိုင်ဘုတ်ထောင်တာတွေ ပြုလုပ်ခဲ့လို့ အုပ်ချူပ်ရေးနဲ့ အလှူရှင်က ဖြေရှင်းပေးခဲ့ပြီး အများပိုင် သောက်ရေကန်အဖြစ် ပြန်ပေးခဲ့တယ်။ အခု ၂ဝ၁၈ ခုနှစ် ၅ လပိုင်းမှာ ခြံစည်းရိုးကာတာတွေလုပ်ပြီး သူပိုင်ပါတယ်ဆိုပြီး လုပ်ပါတယ်။ ကွက်ပြည်သူတွေနဲ့ အချင်းများတယ်။ ကန်ထဲရေဆင်းခတ်တဲ့သူနဲ့ အလှူရှင်ကို တရားစွဲထားတယ်။ နိုင်ငံတော်သမ္မတအပါအဝင် ဌာဆိုင်ဆိုင် ၁၉ ခုကိုတင်ထားပါတယ်။ မြို့နယ်အုပ်ချူပ်ရေးပိုင်းက ခေါ်ယူဖြေရှင်းပေးတာ ဘက်လိုက်ပြီး တရားမျှတမှု မရှိတာကြောင့် အခုလို ဆန္ဒထုက်ဖော်တာပါ” လို့ပြောပါတယ်။ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးညီညီအောင်က “ကန်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက အဖွဲ့တွေ ခေါ်ယူညှိနှိုင်းတာတွေ လုပ်ခဲ့တယ်။ ဒီကိစ္စက ညှိနှိုင်းဖြေရှင်းလို့ရတာကို အခုလို ဆန္ဒထုက်ဖော်တော့ မြို့အတွက်မကောင်းဘူး။ ကျနော်တို့က ညှိနှိုင်းလို့ပဲရတယ်။ ဆုံးဖြတ်ပိုင်ခွင့်တော့ မရှိပါဘူး” လို့ပြောပါတယ်။ ယခင်ခြံပိုင်ရှင်က ၁၉၆၄ ခုနှစ်က အများပြည်သူအတွက် ရေစက်ချလှူဒါန်းခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ဦးစံချွန် ဆိုသူကို ပြန်ရောင်းခဲ့ရာမှာ အခုလို ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ဖြစ်ခဲ့တာပါ။ အခု သောက်သုံးရေကန်ကို ခြံစည်းရိုးခတ်ထားပြီး ကန်အတွင်း ရေခပ်သူ ၇ ဦးနဲ့ အလှူရှင်ကို ပုဒ်မ ၄၄၇/၅ဝ၆ နဲ့ တရားစွဲဆိုထားပြီး သောက်သုံးရေကန်ကို အသုံးပြုနေတဲ့ အိမ်ထောင်စု ၅ဝဝ ကျော်နဲ့ ကျောင်းသား ကျောင်းသူ ၅ဝဝ လောက်က သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေပြီး ရေဝယ်ယူ သုံးစွဲနေရပါတယ်။ မေသွယ်
3 years Ago
More News
Up