တရားစခန်းဝင် ထိုင်းကျောင်းသူကျောင်းသား ၃၀ ကျော် သူရဲပူးခံရ (ရုပ်သံ)

June 12, 2017

တရားစခန်းဝင် ထိုင်းကျောင်းသူကျောင်းသား ၃၀ ကျော် သူရဲပူးခံရ (ရုပ်သံ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘွန်းရာ့ခ်ျဌာနီခရိုင်ထဲမှာ ရက်တိုတရားစခန်းဝင်တဲ့ ကျောင်းသူကျောင်းသား ၃၀ ကျော် မကောင်းဆိုးဝါးအပူးခံရသူလိုဖြစ်ပြီး  အရေးပေါ်ဆေးရုံတက်လိုက်ရတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဥဘွန်းရာ့ခ်ျဌာနီမြို့ ဆုမ်ဒစ်ဥဘွန်းအလယ်တန်းကျောင်းက ကလေးတွေ စာရိတ္တမြင့်မားရေးအတွက် ဇွန်လ ၉ ရက်မှ ၁၁ ရက်နေ့ထိ ၃ ရက်တာ ဆူပါထနာရမ်းကျောင်းတိုက်မှာ တရားစခန်းဖွင့်လှစ်ပေးစဉ် ဇွန် ၁၀ ရက်နေ့ ည ၇ နာရီမှာ မိန်းကလေးငယ်တဦးကစပြီး အသက်ရှူမြန်တာ၊ ခြေလက်ကောက်ကွေးတာ၊ အော်ငိုပြီး သတိလစ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဆရာမတွေက အဲဒီမိန်းကလေးကို ဆေးရုံပို့ပြီး မရှေးမနှောင်းမှာ တခြားကလေးတွေ လည်း အလားတူဝေဒနာတွေ ခံစားရပြီး အစုလိုက်အပြုံလိုက် ဖြစ်လာလို့ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တွေ ခေါ်ပြီး ဆေးရုံပို့ပေးခဲ့ရကြောင်း၊ ဝေဒနာခံစားရသူ ကျောင်းသူကျောင်း သား ၃၅ ဦးရှိကာ ၃၀ ကို ဆေးရုံပို့လိုက်ရပြီး ကျန်တဲ့ ၅ ဦးကတော့ ရှေးဦးသူနာပြုနည်းနဲ့ပဲ ပျောက်ကင်းသက်သာသွားတယ်လို့ ဆရာတဦးက သတင်းထောက်ကို ပြောပါတယ်။ အဆိုပါကျောင်းသူကျောင်းသားတွေမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား အလယ်တန်းကျောင်းသားတွေဖြစ်ပြီး အဲလိုဖြစ်ပွားပြီးတဲ့နောက် မိဘအုပ်ထိန်းသူတွေက ကိုယ့်သားသမီးတွေကို အိမ်ပြန်ခေါ်သွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာနဲ့  ပတ်သက်ပြီး တချို့က အဆိုပါကျောင်းတိုက်မှာ ဘုန်းတန်ခိုးကြီးတဲ့ ခရိုင်ကျက်သရေဆောင် ကျောင်းတိုက်ဖြစ်လို့ အစောင့်အရှောက်နတ်တွေရှိကြောင်း၊ တချို့ကလေးတွေက နတ်မကြိုက်တာတွေ သွားလုပ်မိလို့ အကိုင်ခံရတာဖြစ်နိုင်ကြောင်း ဝေဖန်သုံး သပ်ပါတယ်။ တချို့ကတော့ ကလေးတွေဟာ ပြင်းထန်တဲ့ တရားကျင့်မှုကို ခံနိုင်ရည်မရှိလို့ စိတ်တွေ မွန်းကြပ်ရာက အခုလိုပေါက်ကွဲအော်ဟစ်ရတာဖြစ်ကြောင်း၊ ဒါကို တခြားကလေးတွေမြင်တော့ ကြောက်လန့်တာရော၊ ဥပဒါန်အစွဲတွေပါ ရောပြွမ်းကာ အခုလို အစုလိုက်အပြုံ လိုက်ဖြစ်သွား ရတာလို့ ဆိုပါတယ်။ ကျောင်းသားမိဘအချို့ကတော့ ဆရာဆရာမတွေအနေနဲ့ ကလေးတယောက် ဖောက်ပြန်တာတွေ့ရင် တရားစခန်းခေတ္တရပ်နားပေးသင့်ကြောင်း၊ ဒါပေမယ့် တရားဆက်ထိုင်စေတော့ တခြားကလေးတွေပါ လိုက်ဖြစ်ရတာလို့ ပြစ်တင်နေပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ ကလေးတွေအားလုံး ပုံမှန်ပြန်နေကောင်းကျန်းမာပြီး ဆေးရုံက ဆင်းသွားကြပြီလို့ သတင်းမှာ ဖော်ပြသွားပါတယ်။ ရုပ်သံ - ထိုင်းရတ်
4 years Ago
Up