တရားခံကို ဝိုင်းဝန်းရိုက်နှက်သည့် လူအုပ်စုကြီးအား မျက်ရည်ယိုဗုံးသုံး ဖြိုခွင်း

November 30, 2017

တရားခံကို ဝိုင်းဝန်းရိုက်နှက်သည့် လူအုပ်စုကြီးအား မျက်ရည်ယိုဗုံးသုံး ဖြိုခွင်း (ရုပ်သံ)

ကိုလံဘီယာနိုင်ငံမှာ ၉ နှစ်အရွယ် မိန်းကလေးတဦးအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ပြုခဲ့တဲ့ တရားခံအမျိုးသားကို လူအုပ်စုကြီးက ဝိုင်းဝန်းရိုက်နှက်ဖို့ ကြိုးစားခဲ့လို့ ရဲတွေက မျက်ရည်ယိုဗုံးသုံးကာ ဖြိုခွင်းခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံ၊ မက်ဒဲလ်လင်းမြို့မှာ ဖြစ်ခဲ့ပြီး ရဲတွေက တရားခံနောက်လိုက်ပြီး ဖမ်းဆီးခေါ်ဆောင်ချိန်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ အယောက် ၄၀၀ လောက်ရှိတဲ့ လူအုပ်စုကြီးဟာ တုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ပြီး ရိုက်နှက်ဖို့ ဝိုင်းအုံလာကြတာမို့ ရဲတွေက တရားခံအမျိုးသားကို ဒိုင်းတွေနဲ့ကာရံပြီး ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ တရားခံအမျိုးသားဟာ ကလေးငယ်ရဲ့ မိသားစုနဲ့ ရင်းနှီးပြီး နေအိမ်မှာ အတူနေထိုင်တာလို့ မက်ဒဲလ်လင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိ ဂျူအန်ကားလို့စ် ရက်စ် ထရက်ပိုက ပြောပါတယ်။ အဲဒီနေ့ကတော့ ကလေးငယ်၊ မိခင်ဖြစ်သူနဲ့ တရားခံအမျိုးသားတို့ဟာ ပန်းခြံတခုအနီးမှာ ရှိနေခဲ့ကြပြီး မိခင်က နေမကောင်းချင်တဲ့အတွက် နေအိမ်ကိုပြန်ချိန်မှာ အမျိုးသားက ကလေးငယ်ကို မဖွယ်မရာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတဦးက အဲဒီအမျိုးသားကို တုတ်နဲ့ရိုက်နှက်ဖို့ စတင်ကြိုးစားခဲ့ပြီးနောက်မှာ အမျိုးသားတဦးက ခဲနဲ့ထုရိုက်ခဲ့တယ်လို့ သတင်းအစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ ရဲတွေ အခင်းဖြစ်နေရာ ရောက်ရှိချိန်မှာတော့ လူအုပ်စုကြီးဟာ ဝိုင်းအုံနေကြပြီး ခုလို ဖြိုခွင်းခဲ့ရမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁၆ ဦးလောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြပါတယ်။ လက်ရှိမှာတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရသူ ကလေးငယ်ကို ဆေးစစ်နေပြီး တရားခံအမျိုးသားကိုတော့ ဆန်ဘလတ်စ်ရဲစခန်း ခေါ်ဆောင်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up