တရားခံကားကို လမ်းမပေါ် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည့် ထိုင်းရဲရုပ်သံ ပျံ့နှံ့

January 18, 2017

တရားခံကားကို လမ်းမပေါ် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည့် ထိုင်းရဲရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံမှာ လမ်းမပေါ် မောင်းပြေးခဲ့တဲ့ သံသယရှိသူ တရားခံတဦးရဲ့ကားကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ရဲတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ခိုရတ်ခရိုင်၊ နခွန်ရက်ချာဆီမာဒေသ လူသူရှုပ်ထွေးတဲ့ လမ်းမတခုပေါ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာလို့ ထိုင်းသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။ အသက် ၂၁ နှစ်အရွယ် ဝူရာချိုင် ပရာဝပ်ပွန် အမည်ရတဲ့ တရားခံအမျိုးသားဟာ သူ့ရဲ့ ဟွန်ဒါအမျိုးအစား ကားကို လမ်းသွယ်လမ်းမတွေတလျှောက် ကွေ့ပတ်မောင်းနှင်နေခဲ့တာဖြစ်ပြီး ရဲတွေက သူ့နောက်ကို ဆိုင်ကယ်တွေနဲ့ လိုက်ခဲ့ကြတာပါ။ ဒါပေမယ့် သူဟာ လမ်းမတခုကနေ ကွေ့ပတ်ထွက်လာချိန်မှာတော့ လမ်းမအလယ်မှ စောင့်နေခဲ့တဲ့ ရဲတဦးက သူ့ရဲ့ကားကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ရက်ခ်ျမောင်းခွန်တက္ကသိုလ်ပြင်ပမှာ စတင်ခဲ့တာဖြစ်ပြီး ဝူရာချိုင်ဟာ ချစ်သူမိန်းကလေးရဲ့ ရည်းစားဟောင်းကို သေနတ်နဲ့ချိန် ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းပေးချက်အရ ရဲတွေက ဖမ်းဆီးနိုင်ဖို့ သူ့နောက်ကို လိုက်ခဲ့ကြတာပါ။ တရားခံမောင်းပြေးတဲ့ လမ်းတလျှောက်မှာ တခြားယာဉ်တွေနဲ့ တိုက်မိခဲ့ပြီး အပျက်အစီးတွေလည်း ရှိခဲ့သလို ဖမ်းမိချိန်မှာ သူ့လက်ထဲ နံပါတ် ၁၂ ပြောင်းတိုသေနတ် တလက်နဲ့ ယာဘ စိတ်ကြွမူးယစ်ဆေးပြား ၈ ပြားကို ဖမ်းမိခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ တရားမဝင် သေနတ် လက်ဝယ်ကိုင်ဆောင်ထားရှိမှု၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတွေနဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up