၂၀၁၇ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ တွစ်တာကတဆင့် ဆက်သွယ်ပြီး လူ ၉ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို တိုကျိုတရားရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
လူသတ်မှု၊ လူသေအလောင်း ၉ ခုကို အပိုင်းပိုင်းခုတ်ပြီး တိုကျိုဆင်ခြေဖုံးက သူ့ရဲ့ တိုက်ခန်းထဲမှာ ဝှက်ထားမှုတို့အတွက် အသက် ၃၀ အရွယ် တာကာရှီရိုရှီရာအီရှီဟာ အပြစ်ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုတယ်လို့ ပြောကြားခဲ့သူတွေကို ရှီရာအီရှီက တွစ်တာကနေ ဆက်သွယ်ပြီး သူတို့ကို ကူညီပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဂျီဂျီ သတင်းအေဂျင်စီက ပြောပါတယ်။
ဒါကြောင့် ရှီရာအီရှီကို ‘Twitter killer’ ဆိုပြီးလည်း လူသိများပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ ရှီရာအီရှီဟာ သေဆုံးခဲ့သူတွေရဲ့ ခွ့င်ပြုချက်နဲ့အညီ ပြုလုပ်ခဲ့တယ်ဆိုပြီး လျှောက်လဲခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့လည်း တရားသူကြီး နာအိုခွန်နီယန်နိုက သေဆုံးသူတွေဟာ သူတို့ဆန္ဒနဲ့ အသတ်ခံရတာ မဟုတ်ဘဲ ရှီရာအီရှီဟာ စိတ်ကျန်းမာရေးကောင်းမွန်ပြီး လူသတ်မှုတွေအတွက် ပြစ်ဒဏ်ခံယူထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီအမှုမှာ သေဒဏ်ပေးထိုက်တယ်လို့လည်း တိုကျိုမြို့သူမြို့သားတချို့က ရိုက်တာကို ပြောပါတယ်။
တရားခံ ရှီရာအီရှီကလည်း သေဒဏ်ချမှတ်ရင်တောင်မှ အယူခံမဝင်ဘူးဆိုပြီး ရုံးတင် မစစ်ဆေးမီက ပြောဆိုခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
3 months Ago