တရာရေးဝန်ကြီး

September 17, 2021

ဟေတီပြည်ထဲရေးဝန်ကြီး တရားရေးဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူ

ဟေတီသမ္မတ Moise ကို လုပ်ကြံသူလို့ သံသယရှိတဲ့ ဟေတီဝန်ကြီးချုပ် ဟင်နရီက စက်တင်ဘာ ၁၆ ရက်မှာ ပြည်ထဲရေးဝန်ကြီး Liszt Quitel ကို တရားရေးဝန်ကြီးအဖြစ် ရာထူးပူးတွဲ ခန့်အပ်ခဲ့ပါတယ်။ 

ဟေတီရဲ့ နိုင်ငံရေးအကျပ်အတည်း ပြင်းထန်နေချိန်မှာ ဝန်ကြီးချုပ် ဟင်နရီက တရားရေး ဝန်ကြီး Rockfeller Vincent နေရာမှာ  ပြည်ထဲရေးဝန်ကြီးဌာနကိုရော တရားရေးဝန်ကြီးဌာနကိုပါ ၂ ခုစလုံး တာဝန်ယူမယ့် Quitel ကို အစားထိုးလိုက်တာလို့ ဟေတီရဲ့တရားဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

 သမ္မတ Jovenel Moise အသတ်ခံရမှုရဲ့နောက်ကွယ်မှ အဓိကသံသယရှိသူတွေထဲက တစ်ဦးဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေပြောတဲ့ တရားရေးဝန်ကြီးဌာန အရာရှိဟောင်းနဲ့ ဝန်ကြီးချုပ်ဟင်နရီ ဆက်စပ်ပတ်သက်မှု ရှိတယ်ဆိုတဲ့ အထောက်အထားသစ် ပေါ်ထွက်လာပြီး တပတ်လောက်အကြာမှာ  ခုလိုရာထူးခန့်အပ်မှု ဖြစ်လာတာပါ။

 ဖုန်းမှတ်တမ်းတွေအရ သူတို့ ၂ ဦးဟာ သမ္မတ မွိုက်စ် လုပ်ကြံခံရမယ့် ဇူလိုင် ၇ ရက် မနက် ၄ နာရီလောက်မှာ  ဖုန်းဆက်သွယ်မှု ၂ ကြိမ် ရှိခဲ့ပြီး နာရီပိုင်းလောက်အကြာမှာတော့ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ သမ္မတ မွိုက်စ်ရဲ့ ကိုယ်ပိုင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစိုးရရှေ့နေတွေ ပြောပါတယ်။ 

၀န်ကြီးချုပ် အေရီယယ် ဟင်နရီကတော့ ဒီလူသတ်မှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပေမဲ့ သူဟာ ဖုန်းခေါ်ဆိုမှုတွေကို တိုက်ရိုက်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ 

စက်တင်ဘာ ၁၄ ရက်မှာတော့ သူ့ကို သံသယရှိသူအဖြစ်စွဲချက်တင်ဖို့ ကြိုးပမ်းနေတဲ့ ဟေတီအစိုးရ ရှေ့နေချုပ်ကို ရာထူးနေရာ အစားထိုးလိုက်ပြီး နိုင်ငံကနေ ထွက်ခွာခွင့်ကိုလည်း တားမြစ်ခဲ့ပါတယ်။ 

နိုင်ငံရေးအကျပ်အတည်းကြားမှာ ပြီးခဲ့တဲ့ ၂ နှစ်က ဥပဒေပြု ရွေးကောက်ပွဲတွေနဲ့ မြူနီစီပယ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပျက်ကွက်ခဲ့ပြီးနောက် တိုင်းပြည်မှာ ရွေးကောက်ခံ အရာရှိတွေက လက်တစ်ဆုပ်စာလောက်ပဲရှိတာပါ။

 သမ္မတ မွိုက်စ်ဟာ အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပေမဲ့ လက်ရှိအခြေအနေမှာ အစိုးရတစ်ခုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင် မရှိပါဘူး။ 

ဒါကြောင့် Henry ဟာ အုပ်ချုပ်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်တရပ် လိုအပ်ပါတယ်။ 

စက်တင်ဘာ ၁၁ ရက်မှာတော့  ဝန်ကြီးချုပ်ဟင်နရီ ဟာ လာမယ့်နှစ်ရွေးကောက်ပွဲတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ဆန္ဒခံယူပွဲကို ဦးဆောင်ဖို့ ရည်မှန်းထားပြီး အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အတွက် ဟေတီရဲ့အဓိကနိုင်ငံရေးအင်အားစုတွေကြားက သဘောတူညီချက်တရပ်ကို ကြေညာခဲ့ပါတယ်။ 

2 years Ago
Up