တယ်လီကွန်း

September 4, 2017

တယ်လီကွန်း ကော်ပိုရေးရှင်းများ ဒေသတွင်းတိုးတက်မှု တိုးမြှင့်နိုင်ရန် မျှော်လင့်

တရုတ်နိုင်ငံမှာ စတင်ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားအမြန်တိုးတက်နေတဲ့နိုင်ငံများအဖွဲ့ (BRICS) ရဲ့ စီးပွားရေးဖိုရမ်အတွင်း တယ်လီကွန်း ကော်ပိုရေးရှင်းတွေက ဒေသတွင်း တိုးတက်မှု တိုးမြှင့်နိုင်ဖို့ မျှော်လင့်နေပါတယ်။ BRICS ရဲ့ Business Forum 2017 ကို တရုတ်နိုင်ငံအရှေ့ဘက် ဖုကျန်းပြည်နယ် ကမ်းရိုးတန်းမှာရှိတဲ့ ရှားမင်းမြို့မှာ စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်ကျင်းပပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖွင့်ပွဲမိန့်ခွန်း ပြောပါတယ်။ တောင်အာဖရိကနဲ့ ဘရာဇီးနိုင်ငံတွေက သမ္မတတွေနဲ့ နိုင်ငံပေါင်းစုံက အဖွဲ့အစည်း ၈၀ ကျော်က ကိုယ်စားလှယ်တွေ အပါအဝင် ဖိုရမ်ကို တက်ရောက်သူ အယောက် ၁၂၀၀ ရှိခဲ့လို့ စံချိန်တင်ခဲ့ပါတယ်။ ပိုတောက်ပတဲ့ အနာဂတ်အတွက် ပိုအားကောင်းတဲ့ မိတ်ဘက်ဖြစ်မှုဆိုတဲ့ သဘောထားဆောင်ပုဒ်နဲ့ ၂ ရက်ကြာကျင်းပမယ့် ဖိုရမ်ဟာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်မှုတွေကို အဓိက အသားပေးထားပါတယ်။ BRICS အဖွဲ့နိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း သတင်းအချက်အလက် နည်းပညာနဲ့ ဆက်သွယ်ရေး အမြန်ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ နိုင်ငံတွေလို့ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ အတွင်းရေးမှူး ကျောက်ဟူလင်က ပြောခဲ့တာပါ။ သူဟာ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂရဲ့ နှစ် ၁၅၀ ကျော် သက်တမ်းအတွင်း ပထမဆုံး တရုတ်အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်နိုင်ငံတွေမှာ မတူညီတဲ့ အခြေအနေတွေနဲ့ ဆက်သွယ်ရေးနည်းပညာတွေမှာ တိုးတက်မှုတွေ ရှိကြတယ်။ ရုရှားမှာဆိုရင် ဆက်သွယ်ရေးနည်းပညာက အမြဲတမ်း ရှေ့တန်းရောက်ပြီး အခုချိန်ထိလည်း ဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်လာရင် အင်အားကောင်းတဲ့ နိုင်ငံတခု ဖြစ်တယ်။ တရုတ်နိုင်ငံဆိုရင်လည်း မိုဘိုင်းနည်းပညာမှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့မိုဘိုင်းဖုန်း နည်းပညာဈေးကွက်ရဲ့ ရှေ့တန်းကို ရောက်နေပြီ။ အိန္ဒိယဆိုရင်လည်း ဆော့ဖ်ဝဲနည်းပညာပိုင်း၊ ပညာပိုင်းမှာ အရမ်းတိုးတက်နေပြီ။ တောင်အာဖရိကဆိုရင်လည်း အာဖရိကတိုက်မှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာပိုင်းမှာ ခေါင်းဆောင်ဖြစ်တယ်။ ဘရာဇီးဆိုရင်လည်း ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာဖို့ အလားအလာရှိတဲ့ လက်တင်အမေရိကန်နိုင်ငံ တခုပဲလို့ ပြောခဲ့တာပါ။ "ဒီနိုင်ငံတွေမှာ မတူညီတဲ့ အခြေအနေတွေကို BRICS ဖိုရမ်ကနေတဆင့် လေ့လာကြပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အားလုံးက မျှော်လင့်ကြပါတယ်" လို့လည်း ကျောက်ဟူလင်က ပြောခဲ့ပါတယ်။ ဂျီနီဗာမြို့မှာ ရုံးစိုက်တဲ့ နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂဟာ ကုလသမဂ္ဂရဲ့ အထူးအေဂျင်စီတခု ဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up