တမူးသင်္ကြန်

April 16, 2018

တမူးသင်္ကြန် အိန္ဒိယမှ ကသဲလူမျိုးစုများ လာရောက်ဆင်နွှဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ကို အိန္ဒိယနိုင်ငံ အင်ဖာမြို့မှ ကသဲလူမျိုးစုတွေ လာရောက်လည်ပတ် ရေကစားခဲ့ကြတာကြောင့် အရင်နှစ်တွေထက် ပိုမိုစည်ကားနေတယ်လို့ သိရပါတယ်။ အင်ဖာကနေလာတဲ့ သူတွေကတော့ တမူးတဖက်ကမ်း မိုးလေးမှာ ညအိပ်ပြီး မနက် ၇ နာရီလောက်ထဲက ရောက်နေကြပါတယ်။ သင်္ကြန်ကာလအတွင်းမှာ တရားဝင်နယ်စပ်ဂိတ်ကတော့ လူ ၄၀၀ နီးပါးအ၀င်ရှိခဲ့ပြီး ညနေ ဂိတ်ပိတ်ချိန် ၅ နာရီမှာ အိန္ဒိယဘက်ကို ပြန်ကြတာတွေ့ရပါတယ်။ ဒါပေမယ့် ကုန်တွင်းပိုင်းမှာလည်း နယ်စပ်က တဆက်တည်း ဖြစ်နေတာကြောင့် ရွာတွေဘက်က နားလည်မှုနဲ့ ၀င်ရောက်ရေကစားကြတဲ့ အိန္ဒိယနိုင်ငံသားတွေ ထောင်နဲ့ချီပြီး ရှိနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဇော်မင်းကပြောပါတယ်။ “မြန်​မာ နှစ်​သစ်​ကို ကျနော်တို့ အလွန်ပျော်ပါတယ်။ တချို့ဆို အလုပ်အကိုင်းတွေ တွေနားပြီးကို လာခဲ့ကြတာပါ။ မြန်မာသင်္ကြန်ကို အခုလို နှစ်တိုင်းလာပြီး ပျော်ချင်ပါတယ်” လို့ အင်ဖာမှ လာလည်သူတဦးက ပြောပါတယ်။ တမူးမြို့မှာတော့ သင်္ကြန် ပွဲတော်ကို ဗဟိုမဏ္ဍပ်မှာ အထူးစည်ကားစွာကျင်းပနေပြီး မဏ္ဍပ်တိုင်းလည်း စည်ကားနေပါတယ်။ သတင်းနှင့်ဓာတ်ပုံ ဂေါင်ဂေါင် (တမူး)  
3 years Ago
Up