တမူထူးကဲ ထိုင်းတန်ဆောင်တိုင်ပွဲ

November 25, 2015

တမူထူးကဲ ထိုင်းတန်ဆောင်တိုင်ပွဲ

နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း ဗုဒ္ဓဘာသာဝင် နိုင်ငံတွေမှာ တန်ဆောင်တိုင်ပွဲတွေ ကျင်းပလေ့ ရှိကြပါတယ်။ တန်ဆောင်တိုင်ပွဲမှာ အဓိကအားဖြင့်  ဗုဒ္ဓမြတ်စွာဘုရားကို မီးပူဇော်တဲ့ အနှစ်သာရခြင်း တူညီပေမယ့် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပပုံမှာတော့ သက်ဆိုင်ရာ ရေမြေ သဘာဝ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်းစဉ်လာအလိုက် ကွဲပြားမှုတွေရှိပါတယ်။ ထိုင်းနိုင်ငံဟာ အလွယ်တကူ အလည်လာလို့ရနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်သလို မြန်မာနိုင်ငံသားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်နေထိုင်သူတွေ များပြားလာလို့ ထိုင်းနိုင်ငံက တန်ဆောင်တိုင်ပွဲအကြောင်းကို လက်လှမ်းမီသမျှ  စုဆောင်းတင်ပြလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ တန်ဆောင်တိုင်ပွဲကာလဟာ မြန်မာပြည်ကလိုပဲ ကထိန်သင်္ကန်းကပ်လှူတာ၊ မီးထွန်းပွဲ၊ မီးဖောင်မျှောပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲ၊ မီးပဒေသာ လှည့်လည်တာတွေကို ကျင်းပပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် လဆန်းကတည်းက မိမိအသိုင်းအ၀ိုင်းအလိုက်၊ ရပ်ကွက် ကျေးရွာအလိုက် အလျဉ်းသင့်သလို ကထိန်ပွဲတွေ ကျင်းပပါတယ်။ တန်ဆောင်မုန်းလပြည့်နဲ့ အဖိတ်နေ့တွေမှာတော့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ နိုင်ငံတော် အဆင့်နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ တကူးတက လာရောက်ကြည့်ရှု ဆင်နွှဲတာကတော့ လွိုင်ကထုန်လို့ခေါ်တဲ့ မီးဖောင်မျှောပွဲ ဖြစ်ပါတယ်။ လွိုင်ဆိုတာ မျှောချခြင်း ကထုန်ဆိုတာ ပန်းဆီမီး ထည့်ထားတဲ့ပန်းလို့ အဓိပ္ပာယ်ရပါတယ်။ ထိုင်းနိုင်ငံက လွိုင်ကထုန်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော် ဆုခိုထိုင်းခေတ် တတိယမြောက် ဘုရင်မင်းဆက် ရာမ်ခမ်းဟိုင်ဘုရင် လက်ထက်က စတင်ကျင်းပခဲ့ပါတယ်လို့ ဆိုပါတယ်။ ဂင်္ဂါမြစ် ရေနတ်သမီးကို ပူဇော်ပသတာ၊ နိမ့်ကျနေတဲ့ကံဇာတာ ရေထဲမျှောချပြီး အနာရောဂါ ကင်းဝေးစေဖို့ ဆုတောင်းတာ၊ ရှင်ဥပဂုတ် ပူဇော်တာ အစရှိတဲ့ မိမိရည်ရွယ်ရာကို အဓိဋ္ဌာန်ပူဇော်လေ့ရှိပါတယ်။ မြစ်ချောင်းအင်းအိုင်တွေကို ဂင်္ဂါမြစ်စောင့် ရေနတ်သမီးက စောင့်ရှောက်တယ်လို့ အယူအဆရှိပြီး လူတွေဟာ မြစ်ချောင်းအင်းအိုင်ကရေကို သောက်ရေသုံးရေအတွက် သော်လည်ကောင်း၊ ထွန်ရက်စိုက်ပျိုးရာမှာလည်းကောင်း၊ ရေကြောင်းလမ်းကို အသုံးပြုပြီး ခရီးသွားလာရတဲ့အတွက်လည်းကောင်း ကျေးဇူးပြုတဲ့အနေနဲ့ ရေနတ်သမီးကို ပူဇော်သလို ဒီမြစ်ရေချောင်းရေတွေဟာ လူတွေအသုံးပြုရင်း ညစ်ညမ်းအောင်ပြုခဲ့မိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ လွိုင်ကထုန် မျှောကြတာလို့ ဆိုပါတယ်။ ဒါကြောင့် လွိုင်ကထုန်ပွဲတွေကို မြစ်ချောင်းနားနီးတဲ့ ဒေသတွေမှာ ပိုပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပါတယ်။ လွိုင်ကထုန်ပွဲတော်မှာ ‘နန်းမနီးနုတ်ဖမတ်’ လို့ခေါ်တဲ့ အလှဘုရင်မရွေးပွဲ၊ ကထုန် အလှပြိုင်ပွဲတွေပါ ကျင်းပပါတယ်။ မနီးနုတ်ဖမတ်ကတော့ ရမ်ခမ်းဟိုင်ဘုရင်ရဲ့ မိဖုရားတော်ဖြစ်ပြီး ကထုန်ကို အဲဒီမိဖုရားက ငှက်ပျောဖက်နဲ့ ကြာပန်းသဏ္ဌာန် စတင်တီထွင်ပူဇော်တဲ့အတွက် မိဖုရားကျေးဇူးကို အစဉ်အမှတ်ရစေဖို့ မနီးနုတ်ဖမတ် အလှပြိုင်ပွဲ ကျင်းပတာလို့ ဆိုပါတယ်။ ဒီနေ့ခေတ်ကာလမှာတော့ ရေနတ်ပူဇော်ပသတာ၊ ကံဇာတာကောင်းမွန်စေတာ စတဲ့ ရည်ရွယ်ချက်တွေအပြင် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက်ရော၊ ထိုင်းလက်မှုပညာနဲ့ တီထွင်ဆန်းသစ်မှုကို မြှင့်တင်အားပေးဖို့ ရည်ရွယ်ချက်တွေနဲ့ပါ ကျင်းပလေ့ရှိပါတယ်။ တန်ဆောင်တိုင်မှာ အခုလို ရေပူဇော်ပွဲအပြင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်ကို ကြွမြန်း လာမယ့် မြတ်စွာဘုရားကို ကြိုဆိုတဲ့အနေနဲ့ ဆီမီးတထောင် ပန်းတထောင် ပူဇော်တာ၊ မီးရှူးမီးပန်းဖောက်တာ၊ အထက်ကောင်းကင်ကို မီးပုံးပျံတွေ လွှတ်တင်ကြိုဆိုပွဲတွေ ကျင်းပပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်မှာဆိုရင် တနှစ်တစ်ခါ နိုင်ငံတကာအဆင့် မီးပုံးပျံလွှတ်ပွဲ ကျင်းပရာမှာ မီးပုံးပျံအလုံးရေ တထောင်ကျော်ကို တပြိုင်နက်တည်း လွှတ်တင်ကြပါတယ်။ ဒါပေမယ့် မီးပုံးပျံမီးလောင်ပြီး အများပြည်သူ ထိခိုက်မိမှာကို ကာကွယ်တဲ့အနေနဲ့ လေယာဉ်ပျံသန်းဧရိယာ၊  တိုက်တာအမြင့်တွေရှိတဲ့ နေရာ၊ လူစည်ကားရာအရပ်တွေမှာတော့ မီးပုံးပျံ လွှတ်တင်ခွင့် ပိတ်ပင်ထားပါတယ်။ ရေထဲမျှောချတဲ့ ကထုန်တွေကိုလည်း ရေထုညစ်ညမ်းမှုကို ကာကွယ်တဲ့အနေနဲ့ ဖော့တုံးတွေ၊ ပလတ်စတစ်တွေနဲ့လုပ်ထားတဲ့ ကထုန်ကို ပိတ်ပင်ပြီး ရေမှာပျော်ဝင်နိုင်တဲ့ ပစ္စည်းတွေ ဥပမာ ငှက်ပျောဖက်၊ ငှက်ပျောကပ်၊ စက္ကူတွေနဲ့သာ ပြုလုပ်မျှောချဖို့ နှိုးဆော်ထားပါတယ်။ ထိုင်းနိုင်ငံကို ဒီနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဦးရေ သန်း ၃၀ ကျော် လာရောက်လည်ပတ်မယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဥက္ကဋ္ဌ နိုင်းအစ်ထိရစ် ကင်လိတ်က ခန့်မှန်းကြောင်း kapook.com သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up