တပ်မတော်သားသေဆုံး

May 21, 2020

ကမမောင်းတွင် တပ်မတော်နှင့် ကေအန်ယူ ပစ်ခတ်မှုဖြစ်ပွား၊ တပ်မတော်သား ၁ ဦးသေဆုံး

ကမမောင်းမြို့နယ်ခွဲမှာ မေ ၂၀ ရက်က တပ်မတော်နဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ တို့ ၁ ရက်တည်း ၂ ကြိမ် မိနစ်အနည်းငယ်စီ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ တပ်မ​တော်သား ၁ ဦးသေဆုံးသွားတယ်လို့  အပစ်ရပ်စောင့်ကြည့်အဖွဲ့နဲ့  ဒေသခံတွေက ပြောပါတယ်။ ကမမောင်းမြို့နယ်ခွဲ ဝါးသိုးခိုနဲ့ ဝါးဒူးကျေးရွာအနီးမှာ မေ ၂၀ ရက် မနက် ၇ နာရီခန့်က ၁ ကြိမ်နဲ့ နေ့လည် ၁၂ နာရီခန့်က တစ်ကြိမ်စီ တပ်မတော် ခမရ ၄၀၅ နဲ့ ကေအန်ယူတို့ မိနစ်အနည်းစီ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် တပ်မတော်သား ၁ ဦးသေဆုံးပြီး ကေအန်ယူဘက်က သေဆုံးဒဏ်ရာရရှိမှု​တော့ မသိရဘူးလို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ "အပြန်အလှန်လက်နက်ကြီးနဲ့ အခုကတပ်ကပြန်ဆင်းလာပြီဆိုတော့ အေးဆေးသွားပြီ။ တပ်မတော်ဘက်ကတော့  ၁ ဦးကျတယ်။ ကျန်တာကတော့ ပြောမတတ်သေးဘူး။ လက်နက်ကြီး ပြန်ပစ်တော့ သူတို့လည်းထိမှာပေါ့"  တပ်မတော်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်က "ဖြစ်စဉ်ကို  မသိရသေးဘူး။ ကျနော်အပြင်ရောက်နေလို့"လို့ ပြောပါတယ်။ ဒီကနေ့ မနက် ၇ နာရီခန့်က ကူးဆိပ်ကျေးရွာအနီးမှာ ပေါက်ကွဲမှု ၁ ကြိမ်နဲ့ မေ ၂၀ ရက် မနက် ၉ နာရီခွဲခန့်က ၁ ကြိမ် ပေါက်ကွဲသံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာ၊ ဦးသန်းဝင်း က "နှစ်ဖက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေက အထိတ်တလန့်ဖြစ်နေတယ်။ ဒေသခံတွေအတွက် ရှာဖွေစားသောက်ဖို့ အခက်အခဲဖြစ်နေပြီ။ မိုးတွင်းရှာဖွေစားသောက်ဖို့က မလွယ်ဘူး"လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မဟာ ၅ ကေအန်ယူ  ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး ဒီက​နေ့အထိ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။ တပ်မတော်ကတော့ ရခိုင်ပြည်နယ်က လွဲပြီး ကျန်တဲ့ဒေသတွေမှာ တဖက်သတ်အပစ်အခတ် ရပ်စဲရေး ကြေညာထားပါတယ်။   သတင်း- ရဲမင်းခေါင်
1 year Ago
Up