တပ်မတော်ယာဉ်တန်း

July 1, 2020

ဓညဝတီရေတပ်စခန်းမှ လစာငွေသွားထုတ်သည့် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာမှာရှိတဲ့ ဓညဝတီရေတပ်စခန်းမှ လစာငွေတွေထုတ်ယူပြီးပြန်လာတဲ့ တပ်မတော်ယာဉ်တန်းကို ဇွန်လ ၃၀ ရက် မနက်က အေအေအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ကျောက်ဖြူမြို့ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်အတွက် လစာငွေတွေ သွားထုတ်တဲ့ တပ်မတော်ယာဉ်တန်းကို ကပ်သပြေကျေးရွာအနီး စစ်တွေ-ကျောက်ဖြူ ကားလမ်းပေါ်ရှိ သစ်သား တံတားနားအရောက်မှာ အေအေအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်မှ လိုက်လံရှင်းလင်းရာမှာတော့ အေအေအဖွဲ့ဟာ အရှေ့ဘက်ကို ပြန်လည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် အေအေအဖွဲ့ဝင် ၁ ဦးရဲ့ အလောင်းတစ်လောင်းနဲ့ မိုင်းထောင်ရာမှာအသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။  ဒါ့အပြင်  ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးမှ မသင်္ကာဖွယ်ရာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိသူတွေကို ဆက်လက် စစ်ဆေးကာ ကျောက်ဖြူမြို့မရဲစခန်းကိုလွှဲပြောင်းပေးသွားမယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဆိုပါဖြစ်ရပ်ကို ခရီးသွားရင်းကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက “ကျနော်က အဲဒီဓညဝတီရေတပ်စခန်းနားကရှိတဲ့ ကျေးရွာ တစ်ရွာကို အလုပ်ကိစ္စနဲ့ သွားတာပေါ့၊ အဲဒီအချိန်မှာ လမ်းမှာတပ်မတော်ယာဉ်တန်းတစ်ခု ဖြတ်သွားတာ တွေ့လိုက်ရတယ်။ အဲဒါသိပ် မကြာဘူး မိုင်းပေါက်ကွဲတဲ့ အသံအကျယ်ကြီးတစ်ချက်ကြားပြီးတော့ သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတော့တာ။ ကျနော်လည်းကြောက်ပြီးတော့ ရှေ့ကိုဆက် မသွားတော့ဘဲ အဲဒီနားကရွာတစ်ရွာမှာ ခဏခိုနေ နေတဲ့အချိန်မှာ တပ်မတော်ကား ပြန်လှည့် လာပြီးတော့သွားခဲ့တယ်။ ကျနော်လည်း သေနတ်သံတွေ မကြားရတော့မှ ပြန်လှည့်လာတဲ့ အချိန်မှာ ရွာသားလား၊ ဘယ်သူလည်းတော့ မသိဘူး။ သေနေတဲ့အလောင်း တစ်လောင်းကို စစ်သားတွေသယ်လာပြီးတော့ ကားပေါ်ကိုတင်သွားတာတော့ တွေ့ခဲ့တယ်။ ဖြစ်တာကတော့ ကျောက်ဖြူမြို့ကသွားရင်လမ်းခွဲရှိတယ်၊ အဲဒီကရေတပ်စခန်းဘက်သွားတဲ့ လမ်းချိုးကျော်ပြီးတော့ တံတားတစ်စင်းရှိတာပေါ့၊ အဲဒီတံတားရဲ့လမ်းဘေးနားမှာတော့ မြေကြီးအခေါင်းပေါက်ကြီး ဖြစ်သွားတာကို တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။ တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲအနည်း ငယ်ဖြစ်ပွားခဲ့တာကြောင့် ကပ်သပြေကျေးရွာဒေသခံတွေ စိုးရိမ်ထိတ်လန့်ကာ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့အတွက် အခုဆိုရင် စေတီတောင် ရပ်ကွက်ရှိ မြို့နယ်ပရဟိတကျောင်းမှာ ကပ်သပြေကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၂၃၉ ဦးရှိနေပါတယ်။ သတင်း-နောင်နောင်
10 months Ago

February 21, 2020

ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် တပ်မတော်ယာဉ်တန်း  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးရှိ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော်ယာဉ်တန်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ကျောက်ဆောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကျောက်ဆောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ချေက “မနက် ၈ နာရီ ဝန်းကျင်မှာ ပထမ တပ်မတော်ကကား နှစ်စီးလို့ပြောတယ်။ သရက်တောင်မော်ဦးကို ရောက်တဲ့အခါ နောက်ကတစ်စီးက မိုင်းထိတယ်လို့ပြောတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာ မရှိဘူးပေါ့။ နောက် ၉ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ အိမ်နားက ကားဆရာဦးမောင်ထွန်းရဲ့ကား စနဲက ပြန်လာတဲ့ အချိန်မှာ ပိန္နဲတောင်ကို တပ်မတော်သား နှစ်ဦးက လိုက်ပို့ပေးဆိုပြီး လိုက်ပို့ပေးတဲ့အချိန်မှာ တစ်လုံး ထပ်ပေါက်တယ်လို့ပြောတယ်။ စုစုပေါင်း ၂ လုံးပေါက်တယ်။ မိုင်းပေါက်ပြီးတော့ ငှက်ပျောဖူးလိုဟာနဲ့ နှစ်ကြိမ် သုံးကြိမ်လောက် တောင်ကုန်းကို ရမ်းပြီးတော့ ပစ်ခတ်ခဲ့တယ်လို့ ပြောတယ်။ ပြီးရင် ၅ မိနစ်လောက်အကြာမှာ ကျနော်တို့ရွာက ပစ္စတိုနဲ့ပစ်တာကိုလည်း ကြားလိုက်ရတယ်”လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဘာအသံမှမကြားဘူးလို့ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီးပိုမိုသိရှိနိုင်ဖို့ ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင် ကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖြစ်ပွားတာ မကြားသိရဘူးလို့ ပြောပါတယ်။ အဆိုပါတပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ တပ်မတော်နဲ့ အေအေရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ မကြာခဏဆိုသလို တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေတာဖြစ်ပါတယ်။ သတင်း- နောင်နောင် 
1 year Ago
Up